Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ဘားလမ်း မွတ်ဆလင်အခမဲ့ဆေးခန်းသို့ သွားရောက်ကုသတဲ့ ရဟန်းများနဲ့ သက်ကြီးရွယ်အိုများစည်းရုံးခံရ ဆိုတဲ့သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံရေးဘာသာရေး

ဘားလမ်း မွတ်ဆလင်အခမဲ့ဆေးခန်းသို့ သွားရောက်ကုသတဲ့ ရဟန်းများနဲ့ သက်ကြီးရွယ်အိုများစည်းရုံးခံရ ဆိုတဲ့သတင်းတု

ဒီသတင်းကို Shwe Lay ဆိုတဲ့အကောင့်က အောက်တိုဘာ ၂ရက်နေ့ ည၉နာရီ ၄မိနစ်မှာတင်ခဲ့ပါတယ်။ Shwe Lay ဆိုတဲ့အကောင့်က “ဘားလမ်းမွတ်စလင် အခမဲ့ဆေးခန်းတွင် သွားရောက်ကုသသူ ရဟန်းရှင် လူ သက်ကြီးရွယ်အိုများဟာ အစ္စလာန်ဘာသာထဲဝင်ရန် စည်းရုံးခံရ” ဆိုပြီး သတင်းတုရေးသားခဲ့ပါတယ်။ တွေးပြီးမှယုံက တွေ့ရှိတဲ့အချိန်မှာ ပြန်လည်မျှဝေသူ ၃ ထောင် ကျော်ရှိနေခဲ့ပြီး အခုတော့ အဲ့ဒီပိုစ့်ကို ပြန်ဖျက်လိုက်ပြီပဲ ဖြစ်ပါတယ်။
အဲ့ဒီသတင်းတုကို ကိုတမာဆိုတဲ့ အကောင့်ကလဲ ပြန်ပြီး ကူးယူဖော်ပြထားတာ တွေ့ရပါတယ်။ အခုဆိုရင် ပြန်လည်မျှဝေသူ ၅၀၀ ကျော်နေပြီ ဖြစ်ပါတယ်။
သတင်းတုထဲမှာတော့ ဘုန်းကြီး တစ်ပါးကို အစ္စလာမ်ဘာသာထဲ ဝင်ရင် သိန်း ၅၀ ထောက်ပံ့ကြေး နဲ့ လစဉ် ၁သိန်း ရမယ်ဆိုပြီး စည်းရုံးတဲ့အကြောင်း, ဘယ်သူ့ကိုမှ ပြန်မပြောဖို့နဲ့, အခုလို မွတ်စလင်ဆေးခန်းကို သွားပြတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လောက်များ ဘာသာကူးပြောင်းသွားပြီလဲလို့ ရေးသားထားပါတယ်။
‌တွေးပြီးမှယုံရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ
• ဒီလိုအလားတူ သတင်းတုကို ၂၀၁၇ ခုနှစ်က ရွှေမျက်မှန်ဆိုတဲ့ အကောင့်တစ်ခုက တင်ထားတာကို တွေ့ရပါတယ်။
• သတင်းဓါတ်ပုံထဲ မှာပါတဲ့ Myanmar Muslim Media ဆိုတဲ့ စာသားကို ကိုးကားပြီး Myanmar Muslim Media မှ ကိုဟိန်းအောင် ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ သတင်းတုမှာ ပါဝင်တဲ့ ပုံကို ကိုဟိန်းအောင်ကိုယ်တိုင် ရိုက်ခဲ့ တဲ့ပုံဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဒလမြို့နယ် ရှိ ဘုန်းတော်ကြီးကျောင်းမှာ အစ္စလာမ် အဖွဲ့များနှင့် သွားရောက်ပူးပေါင်းပြီး ကျန်းမာရေး ဝန်ဆောင်မှု ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုက ပုံသာဖြစ်ကြောင်း နဲ့ ဘားလမ်းရှိ မွတ်စ်လင် အခမဲ့ ဆေးရုံမှ ပုံမဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။
• ကျန်းမာရေး ဝန်ဆောင်မှု ပေးခဲ့တဲ့ ဒေါက်တာ သက်စုထွေးကို မေးမြန်းတဲ့အခါမှာ ၂၀၁၅ ခုနှစ် ဒလမြို့ ကမာကဆစ်ဘက်မှ ဘုန်းတော်ကြီးကျောင်းမှာ ဘာသာပေါင်းစုံမှ ဆရာဝန်တွေနဲ့ ပရဟိတ ‌ဆေးကုသခဲ့တုန်းက ပုံသာဖြစ်ကြောင်းနဲ့ လာရောက်ကုတဲ့သူတွေမှာ ခရစ်ယာန် ဘာသာဝင်တွေပါ ပါဝင်တဲ့အကြောင်း အတည်ပြုပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ တကျော့ပြန် ဖြစ်ပွားနေတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့ ဆေးရုံ, ဆေးခန်းတွေကို အားကိုးနေရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒီလိုချိန်မှာ ဘာသာမရွေး ကုသပေးနေတဲ့ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံကို အခုလို သတင်းတုတွေနဲ့ တိုက်ခိုက်တာဟာ ပြည်သူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။
ဒါ့အပြင်ကို ဒီသတင်းတုမှာ ဘာသာရေးကို အသုံးချပြီးတော့ ဘာသာနှစ်ခုကြား အထင်အမြင်လွဲအောင် ရေးသားထားနေတာကို တွေ့ရပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတွေကိုဖတ်တဲ့အခါ မှာ ချက်ချင်း မယုံကြည်လိုက်ဖို့နဲ့ သတင်းမှန်လား/ မှားလားဆိုတာကို စစ်ဆေးသင့်ပါတယ်။ သတင်းတုလို့ အတည်ပြုနိုင်ရင် Facebook ကို Reportလုပ်နိုင်ပြီး သတင်းတုကို စစ်ဆေးဖို့အခက်အခဲရှိရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။
%d bloggers like this: