Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ပန်းချီကားကို နင်းပြီးကတာ တကယ့်ဘုရားကိုနင်းတာမဟုတ်တဲ့အတွက်အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုတဲ့ သတင်းတု
နိုင်ငံရေး

ပန်းချီကားကို နင်းပြီးကတာ တကယ့်ဘုရားကိုနင်းတာမဟုတ်တဲ့အတွက်အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုတဲ့ သတင်းတု

ဒီရက်ပိုင်း အတွင်းမှာ Asia Song Festival 2020 ပွဲအတွက် ကိုရီးယားသို့ သွားရောက်ဖျော်ဖြေခဲ့တဲ့ Project K နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ တွေ့လာရပါတယ်။ ဖျော်ဖြေပွဲအတွက် အလှဖန်တီးထားတဲ့ နောက်ခံမီးတွေမှာ ရွှေတိဂုံစေတီတော်ပုံပါဝင်ပြီး စေတီတော်ပုံရိပ်ကို တတ်နင်းထားတဲ့ ပုံတွေကြောင့် လတ်တလော ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

တစ်ဖက်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး “ပန်းချီကားလို LED မီးတွေနဲ့ ပုံဖော်ထားတဲ့ ပုံပေါ်မှာကတာဟာ တကယ့်ဘုရားပေါ်တက်နင်းပြီး ကနေတာမဟုတ်တဲ့အတွက် သူတို့မှာ အပြစ်မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားလိုက်ပါတယ်။” လို့ ရေးသားထားတဲ့ သတင်းတုတွေ ပြန့်နှံ့နေခဲ့ပါတယ်။

ဒီသတင်းတုကို သိမ့်သိမ့်စိုး ဆိုတဲ့ Facebook အကောင့်က အောက်တိုဘာ ၁၂ ရက်နေ့ ည ၆း၅၁ မှာ တင်ထားတာကို ဒီမှာ  ဝင်ရောက်ကြည့်လို့ရပါတယ်။ ဒီသတင်းတုကိုတော့ ပြန်လည်မျှဝေသူ ၁၃၃၁ ဦးရှိနေပါပြီ။ အခုချိန်မှာတော့ ဒီသတင်းတုကို ပြန်လည်ကူးယူဖော်ပြသူတွေ အများအပြား ရှိနေပြီပဲဖြစ်ပါတယ်။

သတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာမှာတော့

  • NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေမှူး မုံရွာအောင်ရှင်ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “ရွှေတိဂုံဘုရားရဲ့ပုံရိပ်ကျနေတဲ့အပေါ် ကပြမှုကို တိုက်ခိုက်ချက်တဲ့သူတွေကတော့ ဒါဘာသာရေးကိုစော်ကားတာဆိုပြီးရေးသားကြတာတွေ တွေ့ရတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး Project K ကလည်း တောင်းပန်ထားတာတွေ့ရတယ်။ ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဒီလိုပြောလိမ့်မယ်လို့ မထင်ပါဘူး။ တိုက်ခိုက်ချင်တဲ့သူကတော့ မပြောလည်း ပြောတယ်လုပ်ပြီးတိုက်ခိုက်တာပါပဲ။ မလုပ်လဲလုပ်တယ်ဆိုပြီးတိုက်ခိုက်တာပဲ။ ရွေးကောက်ပွဲနီးလာတော့ တော်တော်များများ ပိုပြီးတွေ့လာရပြီ။ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကိုစော်ကားနေတဲ့ပုံတွေ ရေးသားတာတွေတွေ့လာရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မဟုတ်ပါဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ်။ လုပ်ကြံဖန်တီးထားတာတွေပဲဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ သေချာစဉ်းစားချင့်ချိန်ကြပါလို့ပြောချင်ပါတယ်။” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
  • NLD ပါတီ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွှန့်ကိုလည်း တွေးပြီးမှယုံက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း “ကျွန်တော်တို့ခေါင်းဆောင်ကတော့ ဘုရားပုံကို နင်းပြီး ကကွက်ဖော်တာကိုတော့ ဒီလိုဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး။ ဘယ်တုန်းကမှလဲ ဒီလိုပြောခဲ့တဲ့ထုံးစံမရှိပါဘူး။ ဒီအသေးအဖွဲလေးတွေနဲ့ မှတ်ချက်ပေးရိုး ထုံးစံမရှိပါဘူး။ မူဝါဒပိုင်းဆိုင်ရာ ထုတ်ပြောမယ်။ ဒါမှမဟုတ် အစိုးရရဲ့လုပ်ဆောင်ချက်တွေပဲ ပြောမှာပါ။ ဒီဟာတွေနဲ့ပတ်သက်ပြီး တစ်ခြားတာဝန်ယူထားတဲ့သူတွေကပဲ ပြောမှာပါ။ ဒါဟာ တမင်သက်သက်ရွေးကောက်ပွဲနီးလာလို့ လုပ်ကြံပြီးရေးသားတဲ့ သတင်းလို့ပဲကျွန်တော်မြင်ပါတယ်။”
  • ဒီသတင်းတုမှာ ပါဝင်သလို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတယ်ဆိုတဲ့ သတင်းမျိုးကိုလဲ ပြည်တွင်းက ဘယ်မီယာမှာမှ တင်ထားတာ မရှိပါဘူး။
  • သတင်းတု တင်ထားတဲ့ သိမ့်သိမ့်စိုး ဆိုတဲ့ အကောင့်ကိုလဲ တွေးပြီးမှယုံက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
  • ဒီသတင်းနဲ့ ပတ်သက်ပြီး ပြည်တွင်း အခြေစိုက် အချက်အလက် စစ်ဆေးတဲ့ အဖွဲ့ဖြစ်တဲ့ ဟုတ်တယ်မဟုတ်ဘူး ကလည်း သတင်းတု ဖြစ်ကြောင်း အတည်ပြုထားခဲ့ပါတယ်။

ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ဒီလို ဘာသာရေးနဲ့နှီးနွှယ်ပြီး ပဋိပက္ခဖြစ်စေမယ့် အကြောင်းအရာတွေကို လုပ်ကြံဖန်တီးပြီး သတင်းတုရေးသားလာတာကို‌ တွေ့ရှိလာရပါတယ်။ လတ်တလောဖြစ်ပျက်တဲ့ အကြောင်းအရာတွေပေါ် မူတည်ပြီးလဲ အများအထင်အမြင်လွဲအောင် ပြောဆိုရေးသားလာတာတွေလည်း ရှိလာပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းဖတ်တော့မယ်ဆိုရင် သံသယစိတ်နဲ့ ဖတ်ပြီး တရားဝင်မီဒီယာများက တင်ထားတဲ့ သတင်းဟုတ်မဟုတ်ကို စစ်ဆေးစေလိုပါတယ်။ သတင်းတု/မှားလို့ သိရင်လည်း Face book မှာ Report လုပ်လို့ရပါတယ်နော်။ သတင်းစစ်ဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။ တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

 

 

%d bloggers like this: