Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဘာသာရေးကိုအခြေခံတဲ့ သတင်းမှားတွေနဲ့ မဲဆွယ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးမောင်မြင့်
နိုင်ငံရေးဘာသာရေးရွေးကောက်ပွဲရွေးကောက်ပွဲ

ဘာသာရေးကိုအခြေခံတဲ့ သတင်းမှားတွေနဲ့ မဲဆွယ်ခဲ့တဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးမောင်မြင့်

၂၀၂၀ရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမောင်မြင့်ဟာ ဘာသာရေးကို အခြေခံတဲ့ သတင်းအချက်အလက်မှားတွေနဲ့ မဲဆွယ်စည်းရုံးမှုပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က ဦးမောင်မြင့်ရဲ့ မင်းကင်းမြို့နယ် ကျွန်းတောရွာမှာ ဘာသာရေးကို ထိပါးစေနိုင်တဲ့ သတင်းမှားနဲ့ မဲဆွယ်စည်းရုံးဟောပြောမှု အချို့ကိုဖော်ပြပေးလိုက်ပါတယ်။

“ကျွန်တော်တို့ထဲက ၃ယောက်ထည့်တာကိုပစ်တင်ဝေဖန်ကြတဲ့ပါတီ။ အဲ့ဒီ့ပါတီက အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အဲ့ဒီဘာသာဝင်၄၂ ယောက်ကို ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ လျာထားခဲ့တာ။ အတိအကျပြောမယ် ပန်းဘဲတန်းမြို့နယ်က စည်သူမောင်ဆိုတဲ့ကုလား အဲ့ဒါမျိုးတွေ ၄၂ ယောက် သူ့တို့ပါတီထဲထည့်ထားတယ်။ မိဘပြည်သူတွေဘယ်ပါတီဘက်ကရပ်မလဲ?” ဆိုတဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး အချက်အလက်မှားတွေနဲ့ မဲဆွယ်စည်းရုံးခဲ့တာဖြစ်ပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကို ဦးတည်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တွေးပြီးမှယုံရဲ့ သတင်းဆန်းစစ်ချက်အရ အောက်က အချက်အလက်တွေကြောင့် ဒါဟာ သတင်းအမှားလို့ အတည်ပြုနိုင်ခဲ့ပါတယ်။

  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှာဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မွတ်ဆလင် ၂ဦးသာပါဝင်မှာဖြစ်ပါတယ်။ NLD ပါတီက မွတ်ဆလင် (၄၂)ဦးဝင်ပြိုင်မယ်လို့ ပြောကြားချက်မှာ သတင်းမှားသာဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ Vote MM ဝက်ဆိုက်ဘ်နဲ့ mVoter 2020 ရဲ့ Application မှာလည်း သွားရောက်စစ်ဆေးနိုင်ပါတယ်။
  • အခုလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် သူကိုယ်တိုင်က ဘာသာရေး၊ လူမျိုးရေးကိုထိပါးစေနိုင်တဲ့ သတင်းတုတွေနဲ့ မဲဆွယ်စည်းရုံးမှုဟာ ပြည်သူများတွေအတွက် အထင်မြင်လွဲမှားသွားစေနိုင်ပါတယ်။

ဒီလို လူမျိုးရေး၊ ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးမှုတွေဟာ ရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့လည်း မကိုက်ညီပါဘူး။ ယင်းကိုယ်စားလှယ်လောင်း ဦးမောင်မြင့်ကိုလည်း ဘာသာရေးကိုထိပါးစေတဲ့ သတင်းမှားများနဲ့ မဲဆွယ်စည်းရုံးတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် စီစဉ်နေကြောင်းလည်း NLD ပါတီဒုတိယ ဥက္ကဌ ဦးမောင်မောင် က ပြောထားတာကို ဒီမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ အခုကာလမှာ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေကို အပြိုင်အဆိုင်ပြုလုပ်လာနေတာကို တွေ့ရှိလာရပါတယ်။ ပြည်သူတွေအနေနဲ့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးတဲ့အခါမှာ သုံးနှုန်းပြောဆိုတဲ့ စကားလုံးတွေကို သတိထားရပါမယ်။ အခုလိုမျိုး ဘာသာရေးနဲ့ နှီးနွှယ်ပြီး တစ်ဖက်ပါတီအပေါ် သတင်းတုနဲ့ တိုက်ခိုက်ရင်ပဲဖြစ်ဖြစ်၊ သတင်းတုတွေနဲ့ မဲဆွယ်စည်းရုံးရင်ပဲဖြစ်ဖြစ် ဒီအချက်အလက်တွေမှန်မမှန် စိစစ်ပေးဖို့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။ တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်

%d bloggers like this: