Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>ပြည်သူလူထုအားပေးထောက်ခံမှုမရသောကျားဖြူပါတီကို ရုပ်သိမ်းမယ်ဆိုတာ တကယ်မဟုတ်ပါ
တိုင်းရင်းသားနိုင်ငံရေးရွေးကောက်ပွဲ

ပြည်သူလူထုအားပေးထောက်ခံမှုမရသောကျားဖြူပါတီကို ရုပ်သိမ်းမယ်ဆိုတာ တကယ်မဟုတ်ပါ

ဒီသတင်းကို ရှမ်းပြည်သတင်းစုံ ဆိုတဲ့ Page ကနေ ဒီနေ့ နေ့လည် ၁၂နာရီ ၁၇မိနစ်မှာ ရှမ်းဘာသာနဲ့ မြန်မာဘာသာကို အသုံးပြုထားပြီး ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု မရတဲ့ ကျားဖြူပါတီကို မကြာခင်မှာ ရုပ်သိမ်းသွားမှာ ဖြစ်ကြောင်း ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ပြော ဆိုတဲ့ သတင်းတုကို တင်ခဲ့ပါတယ်။ သတင်းတုကို ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။ဒီသတင်းကို တွေးပြီးမှယုံက တွေ့ရှိချိန်မှာ ပြန်လည်မျှဝေသူပေါင်း 456 ဦးရှိနေပြီဖြစ်ပါတယ်။ အဲ့သတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်အရ သတင်းတုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

• သတင်းတုထဲမှာ ပါတဲ့ ကျားဖြူပါတီ(SNDP) မှ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ပါတီကို ဖျက်သိမ်းသွားမယ်ဆိုတဲ့ သတင်းက သတင်းအမှားသာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ရှမ်းရှိနေသ၍ ကျားဖြူပါတီလဲ ရှိနေမှာပါလို့ ထပ်မံပြီး ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

• ဒါ့အပြင် ပါတီအတွင်းရေးမှူး ဦးစိုင်းဘိုအောင်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း ဒီသတင်းဟာ သတင်းအမှားသာဖြစ်နေကြောင်း ဖြေကြားပါတယ်။ “ပါတီက တစ်ဦးတစ်ယောက်ရဲ့ သဘောနဲ့ ဖျက်သိမ်းလို့မရပါဘူး။ ကျွန်တော်တို့ပါတီဥက္ကဌကလည်း အဲ့ဒါကိုအမြဲတမ်းပြောပါတယ်” လို့ဖြေကြားခဲ့ပါတယ်။

သတင်းတုကိုဖြန့်ဝေတဲ့ ရှမ်းပြည်သတင်းစုံ ဆိုတဲ့ပေ့ချ်ဟာဆိုရင်လည်း Like ၉သောင်းကျော်နဲ့ Follower ၁သိန်းကျော်ရထားတဲ့ ပေ့ချ်ဖြစ်ပါတယ်။
ရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့သတင်းတွေကိုတင်လေ့ရှိပြီး မီဒီယာတွေက ဖော်ပြတဲ့ သတင်းတွေကို ပြန်လည်ကူးယူတင်ဆက်လေ့ရှိတဲ့ ပေ့ချ်ပဲဖြစ်ပါတယ်။ အခုလို သတင်းတုကိုလည်း ကြားဖြတ်တင်လေ့ရှိတာကို တွေ့ရှိခဲ့ရပါတယ်။

သတင်းတုတွေဟာဆိုရင် ကာလအလိုက်ပေါ်ထွက်လာကြပြီး သတင်းတုပြန့်နှံ့မှုဟာလည်း လျှင်မြန်လျှက်ရှိပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်၊ ရွေးကောက်ပွဲအတွင်းနဲ့ ရွေးကောက်ပွဲပြီးတဲ့အချိန်ထိ သတင်းတုရေးသားသူတွေဟာ နည်းလမ်းမျိုးစုံနဲ့ ရေးသားကြပြီး သတင်းတုတွေနဲ့ တိုက်ခိုက်လာကြပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ပြည်သူလူထုအပေါ် အထင်မြင်လွဲမှားအောင် ဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့ သတင်းတွေကို ဖတ်ရှုတဲ့အခါ မယုံသင်္ကာတဲ့ စိတ်နဲ့ဖတ်ရှုသင့်ပြီး ကိုယ်တိုင်စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ Page မှာသွားရောက်ကြည့်ရှုနိုင်ပြီး တရားဝင်သတင်းမီဒီယာတွေမှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box နဲ့ အချက်အလက်စစ်ဆေးပေးရန်ပန်ကြားလွှာမှာ အချက်အလက်ဖြည့်သွင်းပြီး လာရောက်မေးမြန်းလို့ရပါတယ်နော်။

%d bloggers like this: