Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အထိကရုဏ်းကြောင့် ပိတ်ခံထားရတဲ့ စလင်းဗလီကို NLD က ၁၈ရက်နေ့ကပဲ ပြန်ဖွင့်ပေးလိုက်ပြီဆိုတဲ့ သတင်းတု
နိုင်ငံရေးဘာသာရေး

အထိကရုဏ်းကြောင့် ပိတ်ခံထားရတဲ့ စလင်းဗလီကို NLD က ၁၈ရက်နေ့ကပဲ ပြန်ဖွင့်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

အခုတစ်ခေါက်မှာတော့ မင်းရန်အောင်ဆိုတဲ့အကောင့်က နိုဝင်ဘာ ၁၈ရက်နေ့မှာ “အနိုင်ရရှိခဲ့တဲ့ NLD ပါတီကြီးမှ အစိုးရမဖွဲ့ခင် ပထမဆုံး ပွဲဦးထွက်အနေနဲ့ ၂၀၀၆ ခုနှစ်က ဘာသာရေးပဋိပက္ခအတွင်း ဖျက်ဆီးခံထားရတဲ့ စလင်းဗလီကို ပြန်ဖွင့်ပေးလိုက်ပါပြီခင်ဗျား…”ဆိုပြီး ဒီမှာ သတင်းတုတင်ခဲ့ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံက တွေ့ရှိချိန်တွင် ပြန်လည်မျှဝေသူပေါင်း ၁၁၂၀ ယောက်ရှိနေပြီဖြစ်ပါတယ်။
သတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာ…
• မကွေးတိုင်းဒေသကြီး၊ စလင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးသက်ခိုင်ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ “ဗလီက NLD အောင်နိုင်လို့ မနေ့ကမှ စဖွင့်ပေးတာမဟုတ်ပါဘူး။ ပြန်ဖွင့်ခွင့်ပေးတာ၂၀၁၉ ခုနှစ်ထဲကဖြစ်ပြီး ၁နှစ်လောက်ရှိနေပါပြီ။ COVID မဖြစ်ခင်ကတော့ ဝတ်ပြုလို့ရအောင်နဲ့ သန့်ရှင်းရေးလုပ်လို့ရအောင် ပြန်ဖွင့်ပေးထားတာပါ။ မနေ့က စဖွင့်တယ်ဆိုတာ မဟုတ်ပါဘူး” ဆိုပြီးဖြေကြားပေးထားပါတယ်။
• စလင်းမြို့မှ ဒေသခံအစ္စလာမ်ဘာသာဝင်တစ်ဦးကိုလည်းမေးမြန်းကြည့်ရာမှာတော့ “မနေ့က ပြန်ဖွင့်ပေးတာမဟုတ်ပါဘူး။ ၂၀၁၉ ထဲကဗလီကို ပြန်ဖွင့်ခွင့်ပေးခဲ့တာပါ။ မနေ့ကပြန်ဖွင့်ပေးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။” ဆိုပြီး ဖြေကြားပေးခဲ့ပါတယ်။
သတင်းတုဖြန့်ထားတဲ့ မင်းရန်အောင် အကောင့်ဟာလည်း ဘာသာရေးအထိကရုန်းဖြစ်စေနိုင်တဲ့ ပိုစ့်များကိုသာတင်လေ့ရှိပြီး သတင်းတု၊သတင်းမှားများကို အစဉ်တစိုက်ဖြန့်ဝေလေ့ရှိတာကို တွေ့ရပါတယ်။
အခုလို ရွေးကောက်ပွဲပြီးတဲ့ကာလမှာ သတင်းတွေကိုရောထွေးပြီး ပြည်သူလူထုအထင်မြင်မှားအောင် အချိန်ကိုက် ဖန်တီးရေးသားတဲ့ သတင်းတွေကို ပြည်သူတွေအနေနဲ့ လွယ်လင့်တကူယုံကြည်သွားနိုင်ပါတယ်။ ဘာသာရေး ပဋိပက္ခများတဲ့ နိုင်ငံမှာ အခုလို အခြားဘာသာအပေါ် အထင်မြင်မှားစေနိုင်တဲ့ သတင်းတုတွေကိုရေးသားဖြန့်ဝေနေတာဟာ စိုးရိမ်ဖွယ်ရာကောင်းလှပါတယ်။ သတင်းတုရေးသားတဲ့သူတွေဟာလည်း အချိန်ကိုက်ဆိုသလို လုပ်ကြံဖန်တီးပြီး ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ ဒါကိုပြည်သူတွေအနေနဲ့ မယုံကြည်မိဖို့နဲ့ သတင်းတွေဖတ်တဲ့အခါမှာလည်း မသင်္ကာတဲ့စိတ်နဲ့ဖတ်ရှုဖို့လိုပါတယ်။ တရားဝင်သတင်းမီဒီယာများက သတင်းများကိုသာယုံကြည်သင့်ပြီး မိမိကိုယ်တိုင် သတင်းတုလို့ သိရရင်လည်း Facebook သို့ Report လုပ်နိုင်ပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box နဲ့ အချက်အလက်စစ်ဆေးပေးရန်ပန်ကြားလွှာ မှာ အချက်အလက်ဖြည့်သွင်းပြီး လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: