Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>ပုံစံတမျိုး ပြောင်းပြီး လိမ်လည်လာတဲ့ အလှူအတန်း အတုများ
စီးပွားရေး

ပုံစံတမျိုး ပြောင်းပြီး လိမ်လည်လာတဲ့ အလှူအတန်း အတုများ

ကိုဗစ်ကာလမှာ ခက်ခဲလာတဲ့ ပြည်သူတွေကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာတစ်ခု ဖြစ်တဲ့ ဖေ့ဘွတ်ခ်မှာ နည်းအမျိုးမျိုးနဲ့ လိမ်လည်အမြတ်ထုတ်နေတာကို တွေ့နေရပါတယ်။ အရင်ဆုံး သတိထားမိတဲ့ အခြေအနေကတော့ “အလှူအတန်းလုပ်ပါမယ်။ ပိုစ့်ကို Share, Like & Follow လုပ်ပေးပါ။ Group Member ဝင်မှ ရပါမယ်။ ဖုန်းနံပါတ်တွေ မန့် (comment) ပေးပါ” ဆိုပြီး ဖေ့ဘုတ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို တောင်းယူတဲ့အပြင် သတင်းအတု ပြုလုပ်သူတွေရဲ့ Group Member ဝင်တွေ များလာ‌အောင် ပြုလုပ်တဲ့ နည်းလမ်းတစ်ခုပါ။

ဒီအကြောင်းကိုတော့ တွေးပြီးမှယုံက “အကောင့်တု အသုံးပြုပြီး သတင်းတုဖြန့် ကိုယ်ကျိုးရှာတဲ့ Group အကြောင်း” တွေနဲ့ တင်ဆက်ထားပြီး ဖြစ်ပါတယ်။ ဒီပုံစံမှာဆိုရင် မြန်မာနိုင်ငံထဲက နာမည်ကြီးတဲ့ သူဌေးတွေ၊ သရုပ်ဆောင်မင်းသား, မင်းသမီတွေရဲ့ ပုံတွေနဲ့ လိမ်လည်လေ့ရှိပါတယ်။ သူတို့ရဲ့ Group Member တွေ လုံလုံလောက်လောက်ရကြပြီ ဆိုခါမှ အဲ့ဒီ Group တွေကို စီးပွားရေးကြော်ငြာများအတွက် အသုံးပြုကြသလို တချို့တွေကတော့ သူတို့လိုလားတဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ သဘောတရားတွေ၊ အတွေးအခေါ်တွေကို သွတ်သွင်းလေ့ရှိကြပါတယ်။ ဒီနေရာမှာဆိုရင်တော့ သတင်းတုတွေနဲ့ အမုန်းစကားတွေကိုပါ ဒီလို Group တွေထဲမှာ ကျယ်ကျယ်လောင်လောင် ဖြန့်ဝေတတ်ကြပါတယ်။

နောက်ထပ် သတိထားမိလိုက်မဲ့ ပုံစံတမျိုးကတော့ ရုပ်ခပ်ဖြောင့်ဖြောင့် နိုင်ငံခြားသား တစ်ဦးကနေ မြန်မာနိုင်ငံက အမျိုးသမီးတွေဆီ ဦးတည်ထား ငွေလိမ်တဲ့ပုံစံပါ။ ဒီလိမ်လည်မှုကတော့ ပိုပြီး စနစ်ကျပါတယ်။ နိုင်ငံခြားသားပုံတင်ထားတဲ့ ဖေ့ဘုတ် အကောင့်တစ်ခုကနေ အမျိုးသမီးတွေကိုဦးတည်ပြီး ချစ်ကြောင်း၊ ကြိုက်ကြောင်းနဲ့ စတင်လာပြောကြပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီအမျိုးသမီးကို သဘောကျတဲ့အတွက် သုံးစွဲဖို့ရာ အမေရိကန်ဒေါ်လာထောင်ဂဏန်းအထိ လေယာဉ်နဲ့ တင်ပို့လိုက်တယ်လို့ ပြောလာပါတော့တယ်။ ဒီပိုက်ဆံတွေကို ထုတ်ယူဖို့အတွက် တန်ဆာခနဲ့ ဝန်ဆောင်ခတွေကို ကြိုတင်လွှဲပေးရမယ်ဖြစ်ကြောင်း ပြောလာပါတယ်။ ယင်းငွေအချို့ကို လွှဲလို့ပြီးချိန်မှာလည်း မြန်မာနိုင်ငံလေဆိပ်မှာ ဒေါ်လာတွေပါတဲ့ ပါဆယ်ပုံးကို ရွေးယူဖို့နဲ့ ရောက်ရှိလာတဲ့ ဒေါ်လာတွေရဲ့ အခွန်အရ ကုန်ကျစရိတ် ရှင်းပေးဖို့ လေဆိပ်တာဝန်ရှိသူတစ်ဦးဆိုတဲ့ မြန်မာစကားသံနဲ့ လူတစ်ဦးက ထပ်မံအကြောင်းကြားလာတဲ့ အတွက် ပိုက်ဆံတွေ ထပ်မံပေးလိုက်ရပြန်ပါတယ်။ နောက်ဆုံးမှာတော့ အကုန်လွှဲပြီးတဲ့အချိန်မှာ အဆိုပါသူတွေကို အကုန်ဆက်သွယ်လို့မရတော့ပါဘူး။ အလိမ်ခံလိုက်ရတဲ့ သူအချို့ဟာ မြန်မာငွေ သိန်းရာဂဏန်းအထိ လွှဲပို့ အလိမ်ခံလိုက်ရပါတော့တယ်။

ဒီတခေါက် ပုံစံပြောင်းပြီး လှူတန်းပါတယ်လို့ လိမ်လည်နေတဲ့ အကြောင်းအရာ တစ်ခုကတော့ “မြန်မာနိုင်ငံသားတစ်အိမ်ထောင်လျှင် ၁၅ သိန်းကျပ်ရရှိမည့်အခွင့်အရေး” လို့ ရေးသားထားပြီးတော့ ပြေတီဦးဖောင်ဒေးရှင်းက မြန်မာငွေ သိန်း ၅၀၀၀ ကျပ်ကို တိုက်ရိုက်လှူတန်းမှာ ဖြစ်တဲ့အကြောင်းနဲ့ Viber က ဆက်သွယ်ဖို့ ဖုန်းနံပါတ် တစ်ခု ဖော်ပြထားပါတယ်။ ဒါ့အပြင် ပိုစ့်ကို Like, share နဲ့ Group Member လုပ်မှ အလှူ‌ငွေ ရမှာ ဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ လှူဒါန်းပါမယ်ဆိုတဲ့ ပိုစ့်အောက်မှာဆိုရင်လည်း ဦးချိုအေး ဆိုတဲ့အကောင့်တစ်ခုကနေ “အမျိုးတို့ရေ မယုံကြပါနဲ့ လူလိမ်တွေပါ ကျွန်တော်လိမ်ခံရလိုက်ပါတယ် မယုံကြပါနဲ့” လို့ လိုက်လံပြောဆိုထားပါသေးတယ်။

ဒီလိုမျိုး ဆင်တူ အလှူအတန်းပိုစ့်တွေကိုလည်း “ငွေလှူဒါန်းမယ့် သူဌေးများ” “ထောက်ပံ့ကြေး မရသေးသးများ စရင်းပေးရန်။” စတဲ့ ဂရုတွေမှာလည်း တွေ့နေရပါတယ်။ လှူဒါန်းဖို့ ဆက်သွယ်ပေးပါလို့ ပြောထားတဲ့ ဖုန်းနံပါတ်ကို တွေးပြီးမှယုံက ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဝန်ဆောင်ခ ၂ သောင်းကျပ်ကို ကိုယ့်ဘက်က အရင် wavemoney နဲ့ လွဲ‌ပေးရမှာ ဖြစ်ပြီး ဝန်ဆောင်ခ ပို့ပြီးမှ အလှူငွေ ၅ သိန်း ရရှိမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အလားတူပဲ တခြားဖုန်းနံပါတ်တွေကို ဆက်သွယ်‌မေးမြန်းတဲ့အခါမှာလဲ ဖုန်းဘေလ်ကို အရင်လွဲပေးဖို့ အရင်ဆုံး ပြောတာ‌ တွေ့ရပါတယ်။

လိမ်လည်ခံခဲ့ရသည့် ဖေ့ဘွတ်ခ်အသုံးပြုသူများကို တွေးပြီးမှယုံကနေ ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူတို့ ခိုင်းတဲ့ ပိုက်ဆံ‌တွေ လွှဲပေးပြီးတာနဲ့ ဖုန်းကော၊ ဖေ့ဘွတ်ခ်ကကော ဘလော့သွားတယ်လို့ ပြန်လည်ဖြေကြားပါတယ်။

တွေးပြီးမှယုံရဲ့ သူငယ်ချင်းတို့ရေ….

အခုလိုမျိုး လိမ်လည်အမြတ်ထုတ်နေတာတွေဟာ နည်းပညာပိုင်းဆိုင်ရာသိမှုအားနည်းတဲ့ ကျနော်တို့လို နိုင်ငံတွေမှာ ပုံစံမျိုးစုံပါပဲနော်။ ကိုဗစ်-၁၉ လို ကြပ်တည်းကာလမှာဆိုရင် ဒီလို ငွေလှူမယ်ဆိုတဲ့ လိမ်လည်တဲ့နည်းလမ်းတွေက ပိုဆိုးရွားနေတာပေါ့။

ဒီလို ပိုစ့်တွေ သူငယ်ချင်းတို့ရဲ့ ဖေ့ဘွတ်ခ်ပေါ်မှာ ပေါ်လာပြီဆိုရင် တင်တဲ့အကောင့်, ပေချ်, ဂရုတွေကို ဂရုတစိုက်နဲ့ လေ့လာသင့်ပါတယ်။ ဒီလို မဟုတ်ရင် နည်းပညာအသုံးချ လိမ်လည်အမြတ်ထုတ်သူတွေရဲ့ ထောင်ချောက်မိနိုင်ပါတယ်။ သူငယ်ချင်းတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဘေးက ကင်းလွတ်လို့ သတင်းအမှားတွေရဲ့ သားကောင်ဘဝကနေလည်း ရှောင်ခွာနိုင်ကြပါစေ။

%d bloggers like this: