မေလ၊ ၁၆ ရက်နေ့ကမှ စပြီး ဖွင့်ထားတဲ့ Geek Videos အမည်နဲ့ Facebook Page တစ်ခုက Video file အဟောင်းတွေကို ပြန်လည်ဖြန့်ဝေနေခဲ့တာပဲ ဖြစ်ပါတယ်။
သတင်းတပုဒ်မှာဆိုရင် မေ၊ ၁၇ရက်နေ့(မနေ့) က ဖျာပုံမြို့စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့၍ ပြည်သူများ ပစ်ခတ်ခံနေရကြောင်း ဖြန့်ဝေထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားဝင်မီဒီယာတစ်ခုဖြစ်တဲ့ Ayeyarwaddy Times က ဖျာပုံဒေသခံတွေနဲ့ ချိတ်ဆက်ပြီး မတ်လ၊ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗွီဒီယိုဖိုင်သာဖြစ်တယ်လို့ ယခုလို ဖော်ပြထားပါတယ်။
ဒါအပြင် ဒေါပုံမြို့နယ်(နွယ်အေး)မှာလည်း မီးလောင်မှုတွေ နဲ့ ဖမ်းဆီးမှုတွေဖြစ်နေတယ်ဆိုပြီး မေ ၁၇၊ (မနေ့) က နေ့စွဲနဲ့ ဆက်ဖြန့်ခဲ့ပါသေးတယ်။ အဆိုပါသတင်းဟာလည်း နွယ်အေး မှာ မတ်လ ၂၂ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ကို ယခုပဲ ဖြစ်နေသယောင် ထပ်မံ ဖြန့်ဝေခဲ့ပြန်တာဖြစ်ပါတယ်။
ဒီလို သတင်းဓါတ်ပုံတွေ၊ ဗွီဒီယိုဖိုင် အဟောင်းတွေကို ယခုပဲ ဖြစ်နေသယောင် ဖြန့်ဝေမှုတွေဟာ မကြာခဏပဲ ဖြစ်နေပါတယ်။ ဒါ့အပြင် ယခင်က ဖြစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်တွေကို နည်းပညာ သုံးပြီး ယခုဖြစ်နေသယောင် Live အတုတွေ ပြန်လည် ဖြန့်ဝေတာတွေလည်း ပြုလုပ်ကြပါတယ်။ ဒီ Live အတုတွေ အကြောင်းကို တွေးပြီးမှယုံကလည်း မကြာသေးခင်က ယခုလို တင်ဆက်ခဲ့ပါသေးတယ်။
ဒီလို ဗီဒီယိုဖိုင်အဟောင်းတွေ ပြန့်နှံ့ပြီး မကြာခင်မှာပဲ ဖျာပုံစျေးမီးလောင်နေတယ် ဆိုတဲ့ သတင်းတုတွေ ထွက်ပေါ်ခဲ့ပါတယ်။ Speak Out လုပ်ဖို့နဲ့ အတည်ပြုပေးဖို့ တင်နေကြတာတွေ ရှိခဲ့ပါတယ်။
ယင်းသတင်းတုတွေမှာ ဖြန့်ဝေနေကြတဲ့ ဖျာပုံဈေးကြီး မီးလောင်၊ ထက်ဝက်ဆုံးရှုံးဆိုတာ ယခု ဖြစ်တာမဟုတ်ပဲနဲ့ ဖေဖော်ဝါရီ၊ ၂၀ ရက်နေ့ ညနေ့ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခုလို ကာလမှာ မီးလောင်မှုတွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေဟာ နေရာအနှံ့မှာ ဖြစ်နေသလို လူအများအပြားဟာလည်း စိုးရိမ်ထိတ်လန့်လျက်ရှိပါတယ်။ ဒီလိုအချိန်မှာ အခုလို သတင်းတုတွေဖြန့်ဝေနေကြခြင်းဟာ လူတွေဆီကို သတင်းအချက်အလက်တလွဲတွေကို ရောက်စေရုံသာမကပဲ မလိုလားအပ်တဲ့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်စေပါတယ်။
ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ဒီလို မသကာ်ဖွယ်ရာ သတင်းတွေ တွေ့လာရင် လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေရဲ့ သတင်းတင်ဆက်မှုတွေကိုသာ ယုံကြည်ကြဖို့ တိုက်တွန်းပါတယ်။ ဒါအပြင့် တွေ့ရှိထားတဲ့ သတင်းနဲ့ ပတ်သက်လို့ မယုံကြည်ရရင် သတင်းဖြန့်ဝေထားသူကို သတင်းရင်းမြစ်(source) ကို တောင်းသင့်သလို သတင်းအမှားဖြစ်ကြောင်းတွေ့ရှိပါက Facebook ကို Report တင်ကြဖို့ တိုက်တွန်းပါတယ်။ သတင်းအချက်အလက်စိစစ်ရင်း အခက်အခဲတစုံတရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းလို့ရပါတယ်။