Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မင်းတပ်မြို့ကို ရိက္ခာတချို့ရောက်ရှိဆိုတဲ့သတင်း မဟုတ်မှန်
နိုင်ငံရေး

မင်းတပ်မြို့ကို ရိက္ခာတချို့ရောက်ရှိဆိုတဲ့သတင်း မဟုတ်မှန်

ဒီသတင်းကို Steven Htun ဆိုတဲ့ Facebook အကောင့်တစ်ခုက မေ ၁၈ ရက်နေ့ (မနေ့)က တင်ခဲ့တာဖြစ်ပါတယ်။ သတင်းထဲမှာဆိုရင် “အခက်အခဲများစွာကြားမှ မင်းတပ်မြို့ကို ရိက္ခာတချို့ရောက်ရှိ” ကြောင်းရေးသားထားပြီး ပြည်သူတွေ ဆန်အိတ်တွေသယ်နေတဲ့ပုံတွေနဲ့ မင်းတပ်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ပုံနဲ့တွဲပြီး တင်ထားတာတွေ့ရပါတယ်။ အခုဆိုရင် Like နဲ့ React ပေးသူ 3.8K ရှိနေပြီး ပြန်လည်မျှဝေသူပေါင်း 2475ယောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူတွေဟာလဲ အများအပြားရှိနေပါပြီ။

ဒီသတင်းဓါတ်ပုံတွေဟာ ကချင်ပြည်နယ် လိုင်ဇာဘက်က စစ်ဘေးရှောင်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းထားတဲ့ ပုံတွေသာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီလင့်ထဲမှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ မင်းတပ်ကို သွားရောက်လှူဒါန်းတဲ့ ပုံတွေမဟုတ်ကြောင်းကို ကာယကံရှင်တွေကိုယ်တိုင် ပြန်လည်ဖြေရှင်းထားကြပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်က သတင်းများကို အဆက်မပြတ်တင်ပေးနေတဲ့ Chin World ဆိုတဲ့ Page ကနေလည်း မင်းတပ်မြို့နဲ့ပတ်သက်ပြီး ပြည်သူတွေစစ်ဘေးရှောင်နေကြောင်းနဲ့ အကူညီလိုအပ်နေကြောင်းသာတင်ထားတာတွေ့ရှိခဲ့ရပါတယ်။ မင်းတပ်မြို့ကို ရိက္ခာတချို့ရောက်ရှိတဲ့ အကြောင်းကို သတင်းဌာနနဲ့ လိုက်ပါကူညီဆောင်ရွက်သူတွေ တင်ထားတာ မရှိသေးပါဘူး။

မင်းတပ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ပြည်သူတွေက ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က မင်းတပ်ကို ပိတ်ဆို့ထားပြီး သောက်ရေ ဖြတ်ထားဆဲဖြစ်ပါတယ်။ ဒီလိုသတင်းတုတွေကြောင့် အကူအညီလိုအပ်နေတဲ့ မင်းတပ်ရဲ့ အခြေအနေမှန် သတင်းမှန် စီးဆင်းဖို့အတွက် အဟန့်အတားတွေ ဖြစ်စေနိုင်ပါတယ်။

အခုလို အခြေအမြစ်မရှိပဲ ပြန့်နှံ့နေတဲ့ သတင်းတုတွေကို သတိထားပြီး ဒေသခံ မီဒီယာနဲ့ ယုံကြည်ရတဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းကိုသာ ဖတ်ရှုဖြန့်ဝေ သင့်ပါတယ်။ သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတွေကို ဝမ်းနည်း ဝမ်းသာ စိတ်အခြေခံပေါ် မမူတည်ပြီး ပြန်လည်မျှဝေလိုက်တာမျိုး မဟုတ်ပဲ မှန်ကန်တိကျတဲ့ သတင်းတွေကိုသာ ပြန်မျှဝေကြဖို့ တိုက်တွန်းလိုပါတယ်။ သတင်းတုလို့ သံသယရှိရင် သတင်းစစ်ဖို့လိုအပ်လာရင် တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းလို့ရပါတယ်။

%d bloggers like this: