ဇွန်၉ရက်နေ့ညက ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတခု မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီသတင်းတက်လာပြီးချိန် မရှေးမနှောင်းမှာပဲ ဒလက ကမာကသွယ် ဗလီထဲမှာ သိုဝှက်ထားသော လက်လုပ်မှိုင်းများ ပေါက်ကွဲမီးလောင်ဆိုတဲ့သတင်း ပျံ့နှံ့လာပါတယ်။ ဒီသတင်းကို Ven Thue Nan Da အမည်ရှိတဲ့ အကောင့်တစ်ခုက Shwe Ko Taw (ငါန်းဇွန်) ကို Crd ပေးပြီး တင်ထားခဲ့ပါတယ်။ အဆိုပါ ပိုစ့်ဟာ share 170 ကျော်ရှိနေပြီး ပြန်လည်ကူးယူတင်ပြသူတွေ ရဲ့ ပိုစ့်တွေဟာလဲ share 490 ကျော်ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံရဲ့ အချက်အလက် စစ်ဆေးချက်တွေအရ ဇွန်လ (၉) ရက်နေ့ ည၁၁နာရီ ဝန်းကျင်မှာ ဒလမြို့နယ် ကမာကသွယ်ရပ်ကွက်မှာရှိတဲ့ ဗလီစာသင်ကျောင်းတခုဖြစ်တဲ့ ဟာဖိဇ်ဗလီမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ကြောင်း လွတ်လပ်တဲ့ သတင်းမီဒီယာတွေကသတင်း တင်ဆက်ထားခဲ့ပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်လို့ ခေတ်သစ်မီဒီယာကနေ ဗလီဝန်းကျင်မှာ နေထိုင်သူတွေကို မေးမြန်းခဲ့ရာမှာတော့ “မီးလောင်ချိန်ဟာ ည ၁၁ နာရီကျော်ဖြစ်ပြီး ကာဖျူးထုတ်ထားတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်ဟာ ဘယ်သူမှ အပြင်မထွက်ပဲ အရပ်ဝတ်တွေနဲ့ စစ်သားတွေ လှည့်ပတ်နေတာတွေ၊ စစ်ကားတွေနဲ့ လှည့်ပတ်နေတာသာ ရှိနေတဲ့ကြားကနေ မီးထလောင်တာပါ။ ကျောင်းတော်မှာလည်း လောင်စရာ လောင်စာနဲ့ ပတ်သက်လို့ ဘာမှမရှိပါဘူး။ ဆိုတော့ဒီမီးလောင်မှုဟာ ဘာသာရေးပဋိပက္ခဖြစ်အောင် လုပ်နေတယ်လို့ သုံးသပ်တယ်” လို့ ဖြေဆိုထားပါတယ်။
ဒါအပြင် တခြားလွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာလည်း လက်လုပ်မိုင်းတွေပေါက်ကွဲမီးလောင်တယ်ဆိုတာမျိုး ဖော်ပြထားတာမျိုး မရှိပါဘူး။
သတင်းတုဖန်တီးသူတွေဟာ အချိန်ကာလပေါ်မူတည်ပြီး သတင်းတုကို လုပ်ကြံဖန်တီးကြလေ့ရှိပါတယ်။ ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး အကောင့်တချို့ကလည်း လူမျိုးရေး ဘာသာရေးတွေနဲ့ နှီးနွယ်နေတဲ့ အမုန်းစကားတွေကိုပါ ထည့်သွင်းပြီး သတင်းမှားတွေ ဖြန့်ဝေလာတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီလို ပဋိပက္ခတွေကို ဦးတည်စေနေတဲ့ သတင်းတုတွေဟာ အခုလို နိုင်ငံရေးပြသနာတွေ ရှုပ်ထွေးနေချိန်မှာ ပိုမိုဖန်တီးတတ်ကြပါတယ်။ ဒါ့ကြောင့် အခုလို သတင်းတွေနဲ့ ပတ်သက်ရင် အထူးသတိထားကြဖို့ လိုအပ်သလို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကဖြန့်ဝေထားတဲ့ သတင်းတွေကိုသာ စောင့်ကြည့် ဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လဲ တွေးပြီးမှယုံရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။