ဒီသတင်းကို ဇွန်၊ ၁၄ရက်နေ့(ယနေ့) Myanmarlocalnews-media ဆိုတဲ့ သတင်းမီဒီယာနာမည်ခံ Facebook page က စတင်ဖြန့်ဝေထားခဲ့ပါတယ်။ သတင်းထဲမှာဆိုရင် “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးနေတဲ့ CRPH, NUG နဲ့ PDF အကြမ်းဖက်သောင်းကျန်သူများအား ဆန့်ကျင်ရှုံ့ချပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာ ဒီနေ့၊ ဇွန်၊ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့သည်” လို့ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ အချက်အလက်စစ်ဆေးရန်အတွက် တွေးပြီးမှယုံကနေ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ဒေသခံများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မော်လမြိုင်မှာ ဒီလိုဆန္ဒပြခဲ့မှုမျိုး မရှိတဲ့အကြောင်းနဲ့ သတင်းတုသာ ဖြစ်တဲ့အကြောင်း ပြန်လည်အတည်ပြုဖြေကြားခဲ့ပါတယ်။
ဒါအပြင် Myanmarlocalnews-media ဆိုတဲ့ မီဒီယာနာမည်ခံ Facebook Page ဟာ စစ်ကောင်စီကို တော်လှန်အံ့တုနေတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ပုံဖျက်နေတဲ့ post တွေကိုလည်း အဆက်မပြတ် ဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။
သတင်းတုလို့ သံသယရှိနေတဲ့ သတင်းတွေကို သက်ဆိုင်ရာ ပြည်နယ်အလိုက်၊ အဖွဲ့အစည်းအလိုက် ဒေသတွင်းဖြစ်ပေါ်နေတဲ့ သတင်းတွေကိုတင်ဆက်ပေးနေတဲ့ သတင်းဌာန နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီမှာ ရှာဖွေအတည်ပြုဖို့လိုအပ်ပါတယ်။ သတင်းတုလို့ အတည်ပြုနိုင်ခဲ့ရင် သတင်းအမှားတွေ ထပ်မံမပြန့်နှံ့ဖို့ Facebook ကို Report ပြုလုပ်ကြဖို့တိုက်တွန်းပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲ ရှိရင်တော့ တွေးပြီးမှယုံရဲ့ Facebook Chat Box မှာ မေးမြန်းလို့ရပါတယ်။