Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>KNU ဆီ တောခိုသွားတဲ့ G-Z ကောင်လေးကို ဓါးတုံးတုံးနဲ့ လည်ပင်းဖြတ်သတ်နေတယ်ဆိုတဲ့ လုပ်ကြံဗီဒီယို
တိုင်းရင်းသားနိုင်ငံရေး

KNU ဆီ တောခိုသွားတဲ့ G-Z ကောင်လေးကို ဓါးတုံးတုံးနဲ့ လည်ပင်းဖြတ်သတ်နေတယ်ဆိုတဲ့ လုပ်ကြံဗီဒီယို

မနေ့ည ဇွန်လ ၂၈ ရက်နေ့ညမှာ စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တွေဖြစ်တဲ့ တပ်ကြပ်ကြီးဖိုးစည်၊ Ko Khant News စတဲ့ Telegram Channel တွေကနေ ဗီဒီယိုဖိုင်အဟောင်းတွေကို ယခုဖြစ်နေသလို လုပ်ကြံဖြန့်ဝေထားခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဒီယိုဖိုင် အဟောင်းတွေကို အသုံးပြုပြီး စိတ်မခိုင်သူ မကြည့်ဖို့နဲ့ KNU ဆီတောခိုဖို့သွားရောက်တဲ့ GZ ထွက်ပြေးလို့ လည်ပင်းကို ဓါးတုံးတုံးနဲ့ လေးငါးချက် ခုတ်သတ်တယ်ဆိုပြီး ရေးသားထားပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်အဟောင်းနဲ့ အတူ “ထွက်ပြေးတဲ့ GZ မလေးကို ဖင်ကို ကြိမ်နဲ့ရိုက် အပြစ်ပေးတဲ့ မူဗီဖိုင်” လို့ရေးသားထားပြီး အမျိုးသမီးငယ်တယောက်ကို လက်နက်ကိုင်တွေ ရိုက်နေတဲ့ ဖိုင်တစ်ခုပါ ပါဝင်ပါတယ်။ Ko Khant News Telegram Channel မှာဆိုရင် subscribers ၆ ထောင်နီးပါးရှိပြီး တပ်ကြပ်ကြီး ဖိုးစီ မှာဆိုရင် ၁၅၀၀ ကျော်ရှိနေပါပြီ။ ဒါ့အပြင် အမျိုးသမီးငယ်ရဲ့ဖိုင်ကို Facebook Acc Aung Myo Min မှာ ပြန်လည်မျှဝေထားတဲ့ ပိုစ့်ဟာဆိုရင် ပြန်လည်မျှဝေသူ ၅ ရာကျော်နေပြီး ကြည့်ရှုသူ ၃ ထောင်နီးပါးရှိနေခဲ့ပါပြီ။

အဆိုပါ အမျိုးသားတစ်ဦးကို သတ်ဖြတ်နေတဲ့ ဗွီဒီယိုဖိုင်ကို တွေးပြီးမှယုံရဲ့ အချက်အလက် စစ်ဆေးသူက စစ်ဆေးခဲ့ရာမှာတော့ – မြန်မာနိုင်ငံက ဖြစ်ရပ်မဟုတ်ပဲ ဗင်နီဇွဲလား နိုင်ငံက ဖြစ်စဉ်တစ်ခုရဲ့ ဗီဒီယိုဖိုင် အဟောင်းပဲ ဖြစ်နေခဲ့ပါတယ်။ ၂၀၁၈၊ ဖေဖော်ဝါရီ ၆ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံမှာ မူးယစ်ရာဇဝတ်ဂိုဏ်းတစ်ခုကနေ ဆယ်ကျော်သက်လူငယ်တစ်ဦးကို သတ်ဖြတ်နေတဲ့ ဗွီဒီယို တစ်ခုသာဖြစ်ပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။


အမျိုးသမီးတစ်ဦးကို ရိုက်နက်ထားတဲ့ ဗီဒီယိုဖိုင်ရဲ့ မူရင်းကိုတော့ ယခုချိန်ထိ တွေးပြီးမှယုံက ရှာဖွေမတွေ့ရှိသေးပါဘူး။ ကနေဦး စစ်ဆေးတွေ့ရှိချက်တွေအရတော့ ဗီဒီယိုဖိုင်ထဲက အမျိုးသမီးငယ်က မူးယစ်ဆေးဝါးဖြန့်ဝေနေတာလို့ ယူဆရပြီး လက်နက်ကိုင်တွေက “ရောင်းဦးမလား” လို့ ထပ်ခါထပ်ခါ မေးပြီး ရိုက်နက်အပြစ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ ထပ်မံတွေ့ရှိချက်များကို အတည်ပြုသွားပါမယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတွေ၊ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေ တွေ့ခဲ့ရရင် အလွယ်တကူမယုံကြည်ကြဖို့ တိုက်တွန်းပါတယ်။ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းဖော်ပြမှုတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်သလို စစ်ဆေးဖို့ရာ တစုံတရာ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: