လမ်းမပေါ်မှ ပိုက်ဆံတွေ ပြန့်ကျဲနေတဲ့ ပုံတွေကိုသုံးပြီး အီတလီမှာ ပြည်သူတွေက ငွေတွေကို လမ်းပေါ်လွှင့်ပစ်လိုက်ပြီက နေစလို့ “ပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘုရား၊ တရားစာ” လိုလို ရေးထားတဲ့ စာတွေပြန့်လာနေပါတယ်။
၁၉.၇.၂၀၂၁ (မနေ့) ကမှ စပြီးပြန့်လာပြီးတော့ ထပ်ဆင့်ကူးယူဖော်ပြသူတွေက အရှင်ကောဝိဒ(ရွှေအုန်းပင်) ဆိုပြီး မူရင်းရေးသားသူကို ညွှန်းဆိုထားကြပါတယ်။
ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံကနေ Google Reverse Image Search ကို အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းဓါတ်ပုံအမှားကို ဖွနေကြတာဖြစ်ကြောင်းသာ တွေ့ခဲ့ရပါတယ်။ ဖွနေတဲ့ သတင်းထဲမှာ ရေးထားသလိုမျိုး ဒီဓါတ်ပုံဟာ အီတလီနိုင်ငံကပုံ မဟုတ်ခဲ့သလို အခုဖြစ်ပျက်နေတဲ့ သတင်းဓါတ်ပုံလည်း မဟုတ်ပါဘူး။
၂၀၁၉ ခုနှစ်၊ ဧပြီလတွင်းက John Hopkins တက္ကသိုလ်ရဲ့ စီးပွားရေးပညာရှင် ပါမောက္ခတစ်ဦးက ဗင်နီဇွဲလားနိုင်ငံဖြစ်ရပ်တစ်ခုကို Twitter မှာ ဖြန့်ဝေထားခဲ့တဲ့ ပုံတစ်ပုံသာ ဖြစ်နေပါတယ်။ Link
ဒီသတင်းဓါတ်ပုံအမှားဟာ မြန်မာနိုင်ငံမှာတင်မကပဲ အိန္ဒယနိုင်ငံမှာလည်း အခုလို ပုံစံတူ ပြန့်နှံ့ခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူတို့နိုင်ငံမှာလည်း အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တွေက သတင်းအမှားသာဖြစ်ကြောင်း ပြန်လည် ဖြေရှင်းထားတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြန့်နှံ့နေတဲ့ သတင်းအမှားမှာတော့ အီတလီက ပြည်သူတွေက ကိုဗစ်ကူးစက်မှာ ကြောက်လန့်လို့ ပိုက်ဆံတွေ လမ်းပေါ် ပစ်လွှင့်သယောင် ပုံဖော် သတင်းမှား ဖန်တီးထားကြပါတယ်။
ကိုဗစ် ကပ်ဘေးဟာ ကမ္ဘာနဲ့ တလွှားမှာ ကြုံတွေ့နေရဆဲဖြစ်တော့ သတင်းအမှားတွေဟာလည်း ပုံစံတူတွေ မကြာ၊ မကြာပြန့်နှံ့ကြပါတယ်။ ဒီလို သတင်းတွေ တွေ့လာရင် သတင်းဓါတ်ပုံရဲ့ ရင်းမြစ်ကို မေးမြန်းကြပါ။ ဒါအပြင်လည်း Google Image Search, Reverse Image Search တို့လို နေရာတွေမှာလည်း ဒီလိုဓါတ်ပုံတွေကို လွယ်လင့်တကူ စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးရင်းနဲ့ တစုံတရာ အခက်အခဲရှိလာရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်း နိုင်ပါတယ်။