ဩဂုတ်လ ၁ရက်နေ့ ညပိုင်းမှာပဲ Breaking News ဆိုပြီး ပဲခူး PDF ခေါင်းဆောင်တွေကို ဖမ်းမိသွားကြောင်းနဲ့ မန္တလေး PDF စာရင်း အတိအကျရသွားကြောင်း လူမှုကွန်ရက်ပေါ်မှာ မြန်မြန်ဆန်ဆန်ပဲပျံ့နှံ့လာခဲ့ပါတယ်။ ဒီသတင်းကို Aung Thant Kyaw ဆိုတဲ့ အကောင့်ပိုင်ရှင်ကတင်ခဲ့ပြီး like & react ပြုလုပ်သူ ၂၁၀၀ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၅၁၀၀ကျော်ရှိခဲ့ပါတယ်။ ထပ်ဆင့်ကူးယူဖော်ပြသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
ဒီသတင်းကို တွေးပြီးမှယုံကနေအချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ပဲခူး PDF အဖွဲ့ရဲ့ Facebook Page ဖြစ်တဲ့ People Defense Force- Bago page ကနေ “မိမိတို့အဖွဲ့ဝင်တွေနဲ့ မိတ်ဖက်အင်အားစုတွေ အဖမ်းမခံရကြောင်းနဲ့ လုံခြုံဘေးကင်းကြောင်း” ပြန်လည်ဖြေရှင်းထားတာကို ဒီမှာ တွေ့ရပါတယ်။ သတင်းတုဟာလည်း အခုဆို ပျက်သွားခဲ့ပေမယ့် ကူးယူဖော်ပြမှုတွေနဲ့ Screenshot တွေနဲ့ ထပ်မံဖြန့်ဝေမှုတွေ ရှိသေးတာကြောင့် တွေးပြီးမှယုံ ဝိုင်းတော်သားများက တင်ဆက်ပေးတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မန်းလေးမှာတော့ မနေ့ညက တချို့ဖမ်းဆီးခံရကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။
သတင်းတုတွေ စာဖတ်သူတွေဆီ မစီးဆင်းနိုင်ဖို့ စာဖတ်သူများက သတိထားဖို့လိုအပ်ပါတယ်။ PDF တွေနဲ့ သက်ဆိုင်တဲ့ နယ်မြေအလိုက် Facebook page တွေကနေ ဒီသတင်းတွေကို တိုက်ဆိုင်စစ်ဆေးနိုင်သလို တရားဝင် လွတ်လပ်တဲ့ Media တွေမှာ ကိုယ်ဖတ်လိုက်ရတဲ့ သတင်း အမှန်လားဆိုတာ သွားရောက် စစ်ဆေးဖို့ လိုပါတယ်။ သတင်းတုလို့ယူဆရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာလာရောက်မေးမြန်းနိုင်ပါတယ်နော်။