ဒီသတင်းကို စစ်တပ်ထောက်ခံသူတွေကနေ တယ်လီဂရမ်ချန်နယ်မှာ ဩဂုတ်လ ၆ ရက်နေ့ ဝန်းကျင်မှာတည်းက ဖြန့်ဝေခဲ့ကြပါတယ်။ တယ်လီဂရမ်ချန်နယ်ကနေမှ တဆင့် ဖေ့ဘွတ်ခ်မှာ ကူးယူဖော်ပြလာကြပြီး ဆက်လက် ပြန့်နေပါတယ်။သတင်းထဲမှာဆိုရင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ Video Conference နဲ့ စကားပြောနေကြသယောင် ပုံဖန်တီးထားပါတယ်။ ဒါအပြင် “ရွေးကောက်ပွဲမသမာမှုတွေ ရှိခဲ့လို့ အာဏာသိမ်းရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ရှင်းပြခဲ့ပြီး ကန်သမ္မတဂျိုးဘိုင်ဒန်မှ နားလည်လက်ခံခဲ့ပါတယ်” လို့ ဆက်လက်ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ ကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းတု တစ်ခုဖြစ်နေတာကို အောက်က အချက်အလက်တွေ အရ အတည်ပြုနိုင်ခဲ့ပါတယ်။
– ဒီ သတင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ ပြည်တွင်း သတင်းမီဒီယာတွေမှာ တင်ဆက်ထားတာမျိုး မတွေ့ရပါဘူး။
– ကန်သမ္မတရဲ့ လုပ်ငန်းဆောင်တာတွေကို ဖော်ပြပေးနေတဲ့ အိမ်ဖြူတော်ရဲ့ website မှာလည်း ဖော်ပြမထားပါဘူး
– ဒါအပြင် ဒီလိုသတင်းတွေဆိုရင် လှုပ်ခတ်ဖော်ပြပေးမဲ့ စစ်ကောင်စီဝါဒဖြန့် MRTV, MWD စတဲ့ ရုပ်သံတွေကလည်း တင်ဆက်လာတာ မတွေ့ရပါဘူး။
– ဒါအပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကန်သမ္မတတို့ video conference လုပ်နေတယ်ဆိုတဲ့ပုံဟာလည်း ဇူလိုင်၊ ၂၈၊ ၂၀၂၀ တွင်းက ဂျိုးဘိုင်ဒန် အမေရိကန်နိုင်ငံ သမ္မတ မဖြစ်ခင် KSNV သတင်းဌာန နဲ့ သတင်းအစီအစဥ်တစ်ခုက ပုံသာဖြစ်နေပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းမှားတွေဟာ မကြာခဏ ဆိုသလို ပြန့်လာနေပါတယ်။ ဖေ့ဘွတ်မှာသာမက တယ်လီဂရမ်လို ချန်နယ်တွေမှာပါ ခုနောက်ပိုင်း ဆိုးဆိုးရွားရွား ပြန့်နှံ့လာနေပါတယ်။ ဒါကြောင့် ဒီလို ဝါဒဖြန့်သတင်းတွေနဲ့ ပတ်သက်ရင် အထူးသတိထားကြဖို့ လိုအပ်ပါတယ်။ သတင်းတု၊ စစ် စစ်ဆေးဖို့ ခက်ခဲရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။