Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>KNLA တပ်တွေ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သူ​တွေရဲ့ ရွာနဲ့ စာသင်ကျောင်းတွေကို မီးရှို့​နေတယ်ဆိုတဲ့ သတင်းတု
တိုင်းရင်းသားနိုင်ငံရေး

KNLA တပ်တွေ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သူ​တွေရဲ့ ရွာနဲ့ စာသင်ကျောင်းတွေကို မီးရှို့​နေတယ်ဆိုတဲ့ သတင်းတု

ဩဂုတ်လ ၂၈ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ဇာတိမာန်ဆိုတဲ့ ‌Facebook Account ကနေ KNLA တပ်မဟာ ၅နယ်မြေရှိထေရဝါဒ ကိုးကွယ်သူ​တွေရဲ့ရွာ​တွေ၊စာသင်ကျောင်း​တွေကို GZ ၊ PDF ​တွေနဲ့ KNLA တပ်မဟာ ၅ က​နေ အကြမ်းဖက် မီးရှို့ဖျက်ဆီးကြောင်း Video ဖိုင်တစ်ခု နဲ့အတူဖြန့်ဝေလာပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေသူ ၂ ရာကျော်နဲ့ ကြည့်ရှုသူ ထောင်ကျော်ရှိသွားပြီပဲ ဖြစ်ပါတယ်။ တွေးပြီးမှယုံရဲ့ အချက်အလက် စစ်ဆေးချက်တွေအရ…… အဆိုပါဗီဒီယိုဖိုင်ဟာ “ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကျိတ်စခန်းကို ယမန်နေ့ ဩဂုတ် ၂၆ရက်နေ့၊ ညနေပိုင်းတွင် KNLA တပ်မဟာ ၆ မှ ဒုတိယအကြိမ် ဝင်ရောက် ရှင်းလင်းခဲ့တဲ့ ဖိုင်ပဲ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ KIC က တင်ဆက်ထားတဲ့သတင်းကို ဒီလင့် မှာ ဝင်ကြည့်လို့ရပါတယ်။

အလားတူပဲ လူမျိုး​ရေး၊ ဘာသာရေးပဋိပက္ခဖြစ်အောင်ရည်ရွယ်ထားတဲ့ သတင်းတစ်ပုဒ်မှာလည်း ဩဂုတ်လ အစောပိုင်းမှာ ပြန့်နှံ့ခဲ့ပါသေးတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာ Steel Stone Steel ဆိုတဲ့ Facebook Account တစ်ခုကနေ “KNLAတပ်မဟာ5မူကြော်ခရိုင် ဘာသာရေးအစွန်းရောက် စစ်ရာဇဝတ်ကောင်ဘော်ကျော်ဟဲအမိန့်နဲ့….ထေရဝါဒ ကိုးကွယ်သူရွာတွေကိုမီးရှို့ခဲ့တယ် အမျိုးသမီးတွေကိုမုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကျတယ်” လို့ရေးသားပြီး သတင်းဓါတ်ပုံတစ်ခုကို ဖြန့်ဝေထားခဲ့ပါတယ်။ အဆိုပါ သတင်းဓါတ်ပုံက ၂၀၂၀ စက်တင်ဘာ မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဘုရား​ပေါင်း​ကျေးရွာနဲ့ ​ကျောက်​ပေါက်​ကျေးရွာတို့ကို စစ်တပ်က​နေ မီးရှို့ခဲ့တဲ့ပုံ​တွေကို အသုံးပြုပြီး သတင်းတု ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။ ဒီလင့်  မှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

သတင်းတုဖြန့်ဝေတဲ့ အကောင့်တွေဟာ စစ်တပ်ထောက်ခံသူလို့ ယူဆရပြီး ပြည်သူတွေနဲ့ PDF တွေကြား ပထင်အမြင်လွဲအောင် ဘာသာရေးကို အသုံးချနေတာပဲဖြစ်ပါတယ်။ သတင်းတုရဲ့ မှတ်ချက်တွေမှာ ဆိုရင်လည်း ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိတဲ့ မှတ်ချက်ပြုမှုတွေကို တွေ့ရပါတယ်။ နိုင်ငံရေးအရှုပ်အထွေး အခြေအနေတွေကြားမှာ သတင်းတွေကို သေချာစိစစ်ပြီးမှ ယုံကြည်ကြဖို့နဲ့ ဘာသာရေး လူမျိုးရေးတွေနဲ့ ပတ်သက်ရင် ပိုပြီးသတိထားကြဖို့ တွေးပြီးမှယုံက တိုက်တွန်းလိုပါတယ်။ သတင်းတုတွေ စစ်ဆေးဖို့လိုအပ်ခဲ့ရင် တွေးပြီးမှယုံ  ရဲ့ Chat box မှာ လာရောက်မေးမြန်းလို့ရပါတယ်။

%d bloggers like this: