Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမှာ KIA ထံ လက်နက်ချလိုက်တဲ့ စစ်ကောင်စီတပ်များဟု ဆိုကာ ပုံဟောင်းများ ပြန့်နှံ့နေ
နိုင်ငံရေး

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမှာ KIA ထံ လက်နက်ချလိုက်တဲ့ စစ်ကောင်စီတပ်များဟု ဆိုကာ ပုံဟောင်းများ ပြန့်နှံ့နေ

ဒီကနေ့ ဩဂုတ် ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးတွင် KIA ထံလက်နက်ချလိုက်တဲ့ စစ်ကောင်စီတပ်သားများ လို့ ရည်ညွှန်းထားပြီး ပုံအတုတွေကို အသုံးပြုထားတဲ့ သတင်းတစ်ခု ပြန့်နှံ့နေပါတယ်။ ဒီသတင်းတုကို ဦးရဲ ဆိုတဲ့ ဖေ့ဘုတ်အကောင့်တစ်ခုက ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူ ၅၀၀ ကျော်နေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြန်လည်ကူးယူတင်ပြသူများလည်း အများအပြားရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒီသတင်းမှာပါတဲ့ ပုံကို စစ်ဆေးကြည့်ရာမှာတော့ ၂၀၂၀ ခုနှစ် ဧပြီလက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမှ စစ်တွေသို့ တရားဆွဲရန် ဖမ်းဆီးခေါ်ဆောင်လာတဲ့ အရပ်သားများကို စစ်တပ်ဘက်မှ နှိပ်စက်တဲ့ ပုံတွေပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ၂၀၂၀ ဧပြီလမှာပဲ Myanmar Now က “ရေယာဉ်ပေါ်တွင်ညှဉ်းပန်းနှိပ်စက်မှု မှန်ကန်ကြောင်း တပ်မတော်ဝန်ခံ” ဆိုတဲ့သတင်းအပြင် “ရေယာဉ်ပေါ်ထိုးကြိတ်ကန်ကျောက်ခံရသူ အနည်းဆုံး ၃ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်” ဆိုတဲ့ သတင်းနှစ်ပုဒ် တင်ဆက်ခဲ့ပါသေးတယ်။

သတင်းတုဟာဆိုရင် ဩဂုတ်လ ၂၉ ရက်နေ့က မုံးကိုးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ MNDAA တပ်တို့ အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲ နောက်ဆက်တွဲအနေနဲ့ ထွက်ပေါ်လာတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကိုတော့ RFAရွှေဖီမြေအပြင် အခြား လွတ်လပ်တဲ့ မီဒီယာတွေကနေ တင်ဆက်ထားတာကိုလည်း တွေ့ရပါတယ်။

သတင်းတုဖန်တီးသူတွေဟာ ပုံအဟောင်းတွေကို အသုံးပြုပြီးသတင်းတုဖန်တီးကြသလို စာဖတ်သူတွေ အထင်အမြင်လွဲစေနိုင်မယ့်သတင်းတွေကိုလည်း လုပ်ကြံရေးသားပြီး လူမှုကွန်ရက်ပေါ်မှာဖြန့်ဝေလာကြပါတယ်။ စာဖတ်သူတွေကလည်း သတင်းကို အယုံမလွယ်ပဲ သက်ဆိုင်ရာ Page တွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေမှာ သွားရောက်စစ်ဆေးပြီး သတင်းအစစ် ဟုတ်မဟုတ် အတည်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သတင်းစစ်ဆေးဖို့ လိုအပ်ခဲ့ရင်တော့ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: