ဒီရက်ပိုင်းမှာ သတင်းစာဖြတ်ပိုင်းပုံ ဖန်တီးထားတဲ့ သတင်းတုတွေ ပုံစံတူ အများအပြားထွက်ပေါ်လာနေပါတယ်။
ပထမ တစ်ခုကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင် ကနေ အာဆီယံကို သတိပေးလိုက်တယ်ဆိုတဲ့ သတင်းတုပါ။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီးနောက်မှာပဲ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို ထိပ်တန်းသတင်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ မီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတွေကနေ ဖော်ပြထားတာမျိုးတွေကို မတွေ့ခဲ့ရလို ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အခြားပြည်ပမီဒီယာတွေမှာလည်း ဖော်ပြထားခြင်းမရှိတဲ့အတွက်ကြောင့် သတင်းအတု တပုဒ်သာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
နောက်ထပ် သတင်းတစ်ပုဒ်ကတော့ ဒီကနေ့မှာပဲ ထပ်မံထွက်ပေါ်လာတဲ့ သတင်းစာဖြတ်ပိုင်းပုံ သတင်းတုဖြစ်ပါတယ်။ ဒီ သတင်းဓါတ်ပုံအတုထဲမှာဆိုရင် ပြန်လည်လွတ်မြောက်လာတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် ဦးမုံရွာအောင်ရှင် မှ ပြင်ပတွင် အေးချမ်းစွာ နေလိုပြီး အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း ခေါင်းစဥ်တပ်ထားတဲ့ သတင်းဖြစ်ပါတယ်။
ဒီ သတင်းမှာဆိုရင် သတင်းရက်စွဲကို မှားယွင်းဖော်ပြထားသလို ဘယ်မီဒီယာနဲ့ တွေ့ဆုံရာမှာ ဖြေထားတယ်ဆိုတာမျိုးလည်း ထည့်သွင်းဖော်ပြထားတာမျိုး မတွေ့ခဲ့ရပါဘူး။ ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံရဲ့ သတင်းစစ်ဆေးချက်တွေအရ မုံရွာအောင်ရှင်နဲ့ DVB သတင်းဌာနတို့အကြား ဆက်သွယ်မေးမြန်းချက်မှာ -နေရထိုင်ရတာ အဆင်ပြေကြောင်း၊ ကျန်းမာရေးအဆင်ပြေကြောင်းသာ ဖြေဆိုထားပြီး သတင်းတုမှာ ဖြန့်ဝေထားသလိုမျိုး အကြမ်းဖက်မှုကို ရှုံ့ချခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်တဲ့အကြောင်းတွေ မပါဝင်ပါဘူး။
အောက်တိုဘာ ၁၈ ရက်နေ့က DVB နဲ့ အင်တာဗျူးကို အောက်က လင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။
Link – https://youtu.be/DOKJZxdiNNg
အခုလို သတင်းစာဖြတ်ပိုင်းပုံ ဖန်တီးပြီး ဖြန့်ဝေထားတဲ့သတင်းတွေကို အလွယ်တကူမယုံကြည်ကြပဲနဲ့ သတင်းထူး သတင်းဦးတွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကိုသာ ယုံကြည်ဖြန့်ဝေကြဖို့ တိုက်တွန်းပါတယ်။ ဒါအပြင် သတင်းတုလို့ယူဆခဲ့ရင်၊ သတင်းစစ်ဆေးဖို့ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်စစ်ဆေးမေးမြန်းနိုင်ပါတယ်နော်။