နိုဝင်ဘာ၊ ၁၂ ရက်နေ့(ဒီနေ့) မှာပဲ မင်းကင်းမြို့၊ ပန်းဆက်၊ တောင်ဖြူ၊ ကျောက်ခဲတက်၊ ကုန်းရင်းရွာမှ PDF ၅၀ ကျော် အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေပြန့်လာပါတယ်။ လူတွေ အများအပြားဖမ်းဆီးခံထားရတဲ့ ဓါတ်ပုံတွေနဲ့ ဒီသတင်းကို စစ်တပ်လော်ဘီတွေရဲ့ Facebook အကောင့်တွေနဲ့ Telegram Channel တွေကနေ စတင်ဖြန့်ဝေလာနေပါတယ်။
ဒီသတင်းဓါတ်ပုံတွေကို တွေးပြီးမှယုံက အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဇူလိုင်လ တုန်းက ဖြစ်စဉ်အဟောင်းရဲ့ ပုံတွေကို ပြန်လည်အသုံးပြုပြီး ဖြန့်ဝေထားကြောင်း တွေ့ရှိခဲ့ပါတယ်။ ယခုနှစ် ဇူလိုင်၊ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူတိုက်ပွဲဖြစ်စဥ်က ပုံတွေသာ ဖြစ်ကြောင်းကို Myanmar Now သတင်းဌာနရဲ့ ဒီသတင်းဗွီဒီယိုထဲက ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ Link
သတင်းတုမှာ ရေးသားထားပုံအရဆိုရင် နေ့ရက် အချိန်တွေကို ထည့်သွင်းရေးသားထားတာမျိုးမရှိပဲ ယခင်က ဖြစ်ရပ်ကို ယခုဖြစ်နေသယောင် ပုံဖော်ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒီလို လော်ဘီတွေရဲ့ ဝါဒဖြန့် သတင်းတွေဟာဆိုရင် မကြာခဏ ဆိုသလို ပြန်နှံ့လာလေ့ရှိပါတယ်။ ဒီလို သတင်းတွေနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တရားဝင် Facebook Account, Page တွေနဲ့ လွတ်လပ်တဲ့ တရားဝင်မီဒီယာတွေရဲ့ တင်ဆက်မှုတွေကိုသာ ယုံကြည်ဖြန့်ဝေကြဖို့ တိုက်တွန်းပါတယ်။ သတင်းတွေ ဖတ်ရှု့ အတည်ပြုရင်း အခက်အခဲ တွေ့ခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာ လာရောက် မေးမြန်းနိုင်ပါတယ်။