Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>လယ်​တောထဲမှာ လယ်ရိတ်​နေရတဲ့ သံဃာ​​တွေရဲ့ ပုံ​တွေက မြန်မာနိုင်ငံကပုံ​တွေ ဟုတ်ရဲ့လား
နိုင်ငံရေးဘာသာရေး

လယ်​တောထဲမှာ လယ်ရိတ်​နေရတဲ့ သံဃာ​​တွေရဲ့ ပုံ​တွေက မြန်မာနိုင်ငံကပုံ​တွေ ဟုတ်ရဲ့လား

အာဏာသိမ်းမှု ​နောက်ဆက်တွဲအ​နေ​နဲ့ မြန်မာနိုင်ငံမှာဖြစ်​နေတဲ့ စစ်​ပွဲ​တွေ​ကြောင့် ပြည်သူ​တွေ ​ပြေးလွှား​နေရပြီး သံဃာ​တွေက စပါးရိတ်သိမ်း​နေရတယ်လို့ ၂၀၁၉ ခုနှစ်တွင်းက ထိုင်းနိုင်င်ငံမှာဖြစ်ခဲ့တဲ့ ဓါတ်ပုံ​တွေကို ပြန်လည် အသုံးပြုထားတဲ့ အ​ကြောင်းအရာလွဲ​နဲ့ သတင်းဓါတ်ပုံ​တွေဟာ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ ဖေ့ဘွတ်ခ်မှာ ပြန့်နှံ့နေပါတယ်။

ယနေ့ (နိုဝင်ဘာလ ၂၉ ရက်)နေ့ ရက်စွဲနဲ့ သံဃာတော်အချို့ စပါးရိတ်သိမ်းနေတဲ့ ပုံတွေကို အသုံးပြုပြီး –

“ဒကာ ဒကာမများက စစ်ဘေးရှောင်နေကြတယ်… စပါးများက တခင်းလုံး မှည့်လို့ ဝါထိန်နေကြတယ်… ရဟန်း သံဃာများက ကူရိတ်သိမ်းပေးနေကြတယ်… ” တရားလည်း ဖက်တယ် စပါးလည်း ထွက်တယ် ” ကြည်ညိုစရာ ကောင်းလိုက်တာ… အရှင်ဘုရားတို့အား ရိုသေစွာ ရှေ့ခိုးကန်တော့လိုက်ပါတယ် ဘုရား။ Photo crd.” လို့ရေးသားထားတဲ့ သတင်းတုတစ်ခု ပြန့်နှံ့နေခဲ့ပါတယ်။

ဒီပြန့်နှံ့နေတဲ့ သတင်းမှာဆိုရင် နေရာနဲ့ အချိန်တွေကို ဖော်ပြထားခြင်းမျိုး မရှိပါဘဲ “ပီယ ပီယ” ဆိုတဲ့ ဖေ့ဘုတ်အကောင့်က ယ​နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ (၃း၄၁) နာရီမှာ တင်ထားတာကို အစောဆုံးတွေ့ရပါတယ်။

ဒါ့အပြင် ပြန်လည်ကူးယူဖော်ပြသူ အများအပြားကိုလည်းတွေ့ရှိရပြီး စုစုပေါင်းမျှဝေသူ ထောင်နဲ့ချီပြီး ရှိနေပြီပဲ ဖြစ်ပါတယ်။

ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ ဓါတ်ပုံ​တွေအသုံးပြု စစ်​ဆေးတဲ့ Reverse Image Search ကိုအသုံးပြုပြီး ရှာဖွေခဲ့ပါတယ်။ စစ်​​ဆေးမှုရလာဒ်​တွေအရ သတင်းပါဓါတ်ပုံ​တွေဟာ ၂၀၂၁ အာဏာသိမ်း ပြီးနောက် ဖြစ်စဥ်​တွေ၊ ပုံ​တွေမဟုတ်ပဲ ၂၀၁၉ ခုနှစ်တွင်း၊ ထိုင်းနိုင်ငံက သတင်းဓါတ်​ပုံ​တွေသာ ဖြစ်​နေတာကို ​တွေ့ခဲ့ရပါတယ်။

ရှာ​ဖွေ​တွေ့ရှိချက်များအရ သတင်းတုမှာ အသုံးပြုထားတဲ့ ပုံတွေဟာ “ข้าวนึ่งอบไอน้ำ หน้าวัดมหาธาตุฯ เพชรบุรี” ဆိုတဲ့ ထိုင်းနံမည်နဲ့ ဖေ့ဘွတ်ခ်တ် စာမျက်နှာတစ်ခုက​နေ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၁ က အစောဆုံးတင်ထားတာကို ယခုလို တွေ့ရှိရပါတယ်။

အလားတူ ပုံတွေကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၂ရက်​နေ့ မှာပဲ “Laos 360 ອົງສາ'” ဆိုတဲ့ လာအို နံမည်နဲ့ ဖေ့ဘုတ်စာမျက်နှာတွေမှာပါ ယခုလို  တွေ့ရှိရပါတယ်။

အဆိုပါ သတင်းဓါတ်ပုံတွေမှာလည်း အချိန်နဲ့ နေရာ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။ သို့သော်လည်း ဒီ ရှာ​ဖွေ​တွေ့ရှိထားမှု ရလာဒ်​တွေအရ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ ဓါတ်ပုံ​တွေမဟုတ်ဘူးဆိုတာ ​တွေ့ရှိခဲ့ရပါတယ်။

ဒါအပြင် တခြားလွတ်လပ်တဲ့ တရားဝင်မီဒီယာ​တွေက​နေလည်း ဒီသတင်းဓါတ်ပုံ​တွေနဲ့ ပတ်သက်လို့ ​ဖော်ပြခဲ့တာမျိုး မ​တွေ့ခဲ့ရပါဘူး။ သတင်းဓါတ်ပုံပါ သင်္ကန်းအ​ရောင်​တွေ ဟာလည်း မြန်မာနိုင်ငံတွင်းက ရဟန်း၊ သံဃာ​တွေ ဆင်မြန်းလေ့ရှိတဲ့ နီညို​ရောင်မဟုတ်တာကို သတိပြုဖွယ်​တွေ့မြင်နိုင်ပါတယ်။

ယခုပြန့်နှံ့နေတဲ့ သတင်းတုဟာဆိုရင် ယခင်က ဓါတ်ပုံအဟောင်းတွေကို အသုံးပြုပြီး အချက်အလက် တိတိကျကျ မချပြထားပဲ ယခုပဲ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေသယောင် အသွင်​​ဆောင်ပြီး ရေးသားဖြန့်ဝေနေကြတဲ့ သတင်းတု တစ်ခုပဲ ဖြစ်ပါတယ်။

သတင်းတွေကို ဖတ်ရှုတဲ့နေရာမှာ ပုံတွေပါတာနဲ့ ယုံယုံကြည်ကြည် ပြန်လည်မျှဝေလိုက်တာ၊ ကူးယူဖော်ပြလိုက်တာမျိုးမလုပ်ကြပဲ သတင်းထဲမှာ အချက်အလက်တွေ အတိအကျ ပါဝင်နေရဲ့လား ယုံကြည်ရရဲ့လားဆိုတာကို သတိပြုပြီး ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ သတင်းတုလို့ သံသယရှိရင်လည်း တွေးပြီးမှယုံ ရဲ့ ချက်ဘောက် Chat Box မှတဆင့် ဆက်သွယ်မေးမြန်းလို့ရပါတယ်။

%d bloggers like this: