Home>>ဆောင်းပါး>>နိုဝင်ဘာလအတွင်း တွေ့ရှိရသော သတင်းတု/မှား များ
ဆောင်းပါးပညာပေး

နိုဝင်ဘာလအတွင်း တွေ့ရှိရသော သတင်းတု/မှား များ

တွေးပြီးမှယုံမှ နိုဝင်ဘာလအတွင်း တွေ့ရှိရသည့် သတင်းတုများအပေါ် အချက်အလက်စစ်ဆေးခဲ့ရာ အဓိကအားဖြင့် အခြားဖြစ်စဉ်များမှ ဗွီဒီယိုများ၊ ဓါတ်ပုံများကို ပြန်လည်အသုံးပြု၍ အကြောင်းအရာအမှား၊ ဖြစ်စဉ်အလွဲများဖြင့် ချိတ်ဆက် ဖန်းတီးဖြန့်ဝေခဲ့ကြသည်ကို အများဆုံးတွေ့ရှိ ဖော်ထုတ်ခဲ့သည်။ သတင်းတုများတွင် အသုံးပြုခဲ့သည့် ဓါတ်ပုံနှင့် ဗွီဒီယို အများစုမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ထားခဲ့သည် များကို ပြန်လည်အသုံးပြုခဲ့ခြင်းဖြစ်၍ အချက်အလက်စစ်ဆေးရန် လွယ်ကူသော်လည်း အချို့သော ဓါတ်ပုံများမှာ စစ်ကောင်စီလက်ဝေခံများကဲ့သို့ နီးစပ်သူများမှ ရိုက်ကူးထားသည့်ပုံများ ဖြစ်သည့် အတွက် တိုက်ဆိုင်စစ်ဆေးရာတွင် နောက်ခံမြင်ကွင်းများ၊ ဓါတ်ပုံ/ဗွီဒီယိုဖိုင်တွင် ပါဝင်သူများ၏ အသွင်ပုံများနှင့် စကားသံများကို အဆင့်အဆင့်ပေါင်းစပ်၍ ဖော်ထုတ်ခဲ့ရသည်များလည်း ရှိခဲ့သည်။

သတိထားဖွယ်ရာ သတင်းတုများအနေဖြင့် ဘာသာရေးပဋိပက္ခ များကို ဦးတည်စေသည့် အတည်ပြုရန် ခက်ခဲသည့် အမုန်းစကားများပါဝင်သည့် သတင်းတုများလည်း ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။ အဓိကအားဖြင့် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင်များ အကြားအထင် လွဲမှားစေရန် ပုံဖော်သည့် အကြောင်းအရာများကို အများအပြားဖြန့်ဝေခဲ့ကြသည်။ မြန်မာနိုင်ငံကဲ့သို့ ဘာသာရေးပဋိပက္ခများ ထိလွယ်ရှလွယ်ဖြစ်သည့် နိုင်ငံတွင် ယင်းကဲ့သို့ အကြောင်းအရာများပါ အချက်အလက်များသည် ဖေ့ဘွတ်ခ်သုံးစွဲသူများအတွက် အဆိပ်အတောက်ဖြစ်စေနိုင်သည်။

ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF များကို လူနည်းစုဘာသာရေးများနှင့် နှီးနွှယ်၍ အမုန်းစကားများ ပါဝင်သည့် သတင်းတုများနှင့် တိုက်ခိုက်ခဲ့မှုများကိုလည်း အများပြားတွေ့ရှိခဲ့ရသည်။

 

နိုဝင်ဘာလအတွင်း တွေးပြီးမှယုံမှ ပြန်လည်ဖြေရှင်းခဲ့သော သတင်းတု/မှား များ။ 

 

  1. ဦးရဲထွဋ် ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား (Link)

နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဉီးသိန်းစိန်အစိုးရလက်ထပ်က ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အဖမ်းခံရသည့် သတင်းတုတစ်ခုပြန့်နှံ့ခဲ့သည်။ အဆိုပါသတင်းသည် သတင်းမှားသာဖြစ်ကြောင်း ဦးရဲထွဋ်၏ ဖေ့ဘုတ်စာမျက်နှာမှ ထိုနေ့၌ပင် ပြန်လည်ဖြေရှင်းခဲ့သည်။ ထိုသတင်းမှာ သတင်းမီဒီယာတခုမှ စတင်ဖြန့်ဝေခဲ့ခြင်း‌ကြောင့် နိုင်ငံရေးသုံးသပ်သူများအကြား တမဟုတ်ခြင်း ပြန့်နှံ့ခဲ့ပြီး အခြားသတင်းမှန်များနှင့် အရေးကြီးသတင်းများကို ဖုံးလွမ်းသွားစေနိုင်ပါသည်။

 

  1. PDF ယောက် ၅၀ကျော် အဖမ်းခံရတဲ့ သတင်းဟောင်းကို အခုပဲ ဖြစ်နေသယောင် ပြန်ဖြန့်နေ (Link

နိုဝင်ဘာ (၁၂) ရက်နေ့တွင် မင်းကင်းမြို့၊ ပန်းဆက်၊ တောင်ဖြူ၊ ကျောက်ခဲတတ်၊ ကုန်းရင်းရွာမှ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၅၀) ကျော်အဖမ်းခံရသည့် သတင်းတု တစ်ခုပြန့်နှံ့ခဲ့သည်။ ထိုသတင်းတုတွင် အသုံးပြုထားသော သတင်းဓါတ်ပုံသည် ဇူလိုင်လ (၂၈) ရက်နေ့က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူတိုက်ပွဲ ဖြစ်စဉ်မှ ပုံကို အသုံးပြုထားခြင်းဖြစ်ပြီး ယင်းနေ့တွင် ထိုသို့အဖမ်းခံရသည့် ဖြစ်စဉ်မရှိခဲ့ပေ။ ထိုသို့ လက်နက်ကိုင်တော်လှန်ရေးသမားများ၏ ကျဆုံးမှုများနေကြောင်း ပုံဖော်ထားသည့် သတင်းတုများကြောင့် အချက်အလက်ကောက်ယူသူများ၊ သတင်းဖတ်ရှုသူများကြား သတင်းမှားများ ရောထွေးပါဝင်သွားစေနိုင်သည်။

 

  1. PDF စခန်းမှာရောက်နေတဲ့ သူတွေကို မိဘတွေလာထုတ်ပေမယ့် ပြန်မပေးဘူးလို့ သတင်းတုဖြန့်နေ (Link)

နိုဝင်ဘာလ (၁၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းနှင့် ကနီနယ်ကြားရှိ သင်တောတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ဦးကို မီးသင်္ဂြိုလ်သည့်ပုံကို အသုံးပြု၍ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ PDF စခန်းများတွင် မိဘများက ၎င်းတို့၏ သားသမီးများကို လာရောက်တောင်းယူသော်လည်း NLD နှင့် PDF ခေါင်းဆောင်များက မပေးသည့်အကြောင်း သတင်းတုဖြန့်ဝေခဲ့သည်။

ထိုသို့သော သတင်းတုများမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးကို စစ်တပ်ဝါဒဖြန့်သည့် အကောင့်များမှ ပုံဖျက်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

  1. ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမှူးကားကိုဒေသခံ တဦးက သေခံတိုက်တယ်ဆိုတဲ့ ဗွီဒီယိုအလွဲ (Link)

နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ကားနှစ်စီးအရှိန်ပြင်းပြင်းဖြင့် မျက်နှာချင်းဆိုင် တိုက်သည့် ဗီဒီယိုဖိုင်အဟောင်းကို ပြန်သုံး၍ ဆောမြို့သို့ ဝင်လာသည့် ဗျူဟာမှူး၏ကားကို ဆောဒေသခံတစ်ဦးမှ အသေခံတိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၄)ဦးကျဆုံးခဲ့ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည် ဖိုင်မဟုတ်ပဲ အောက်တိုဘာလ (၁၇) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဘီယာပြည်နယ်မှ ဖြစ်စဉ်တစ်ခုဖြစ်နေခဲ့သည်။

ထိုသို့ အခြားနိုင်ငံမှ ဗီဒီယိုဖိုင်အဟောင်းများဖြင့်  ယခုမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသယောင် ပုံဖော်ဖြန့်ဝေထားသည့် သတင်းတုများကြောင့် ကြည့်ရှုသူများအနေဖြင့် မမှန်ကန်သည့်အချက်အလက်များ ပြန့်နှံ့ဖြန့်ဝေစေပြီး သတင်းမှန်များစီးဆင်းမှုကို အားနည်စေသည်။

 

  1. NLD အမတ်ဦးဖြိုးဇေယျာသော်ရဲ့ ချစ်သူကိုဖမ်းမိ ဟုဆိုထားပြီး ပုံအမှားသုံး၍ သတင်းတုရေးသားထား (Link)

NLD အမတ် ဦးဖြိုးဇေယျာသော် အဖမ်းခံရပြီးနောက်ပိုင်း ၎င်း၏ချစ်သူကောင်မလေး မိတ္ထီလာတွင် ဖမ်းခံလိုက်ရပြီဟု ပုံအမှားများဖြင့်‌ ရောထွေးဖော်ပြထားသည့် သတင်းတုဖြစ်သည်။ အမှန်တကယ် အဖမ်းခံရသည့် မိန်းကလေးမှာ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် မိတ္ထီလာမြို့၌ ဖမ်းဆီးခံရသည့် ဗကသ ကျောင်းသူဟောင်း မသဲစုနိုင် ဖြစ်သည်။

သတင်းဖော်ပြချက်တွင် ဦးဖြိုးဇေယျာသော်၏ ချစ်သူမိန်းကလေးပုံအမှန်နှင့် အမှန်တကယ်ဖမ်းဆီးခံရသည့် ဗကသ ကျောင်းသူဟောင်း၏ ဓါတ်ပုံများကို ဖော်ပြထားပြီး သတင်းများကို အမှားနှင့် အမှန်  ရောထွေးစေရန် ရည်ရွယ်ထားသည်။

 

  1. KIA နဲ့ PDF ​တွေက ဧရာဝတီမြစ်ကြောင်းမှာသွားလာနေတဲ့ ခရီးသည်တင်ရေယာဥ်တွေကို ပစ်ခတ်​​နေ တယ်လို့ သတင်းတုဖြန့်နေ (Link)

မြစ်ကြောင်းတစ်ခုတွင်သွားလာနေသော ရေယာဉ်တစ်စီးကို လက်နက်ကြီးဖြင့် အဝေးမှလှမ်းပစ်ခတ်နေသည့် ဗီဒီယိုဖိုင် တစ်ခုကိုအသုံးပြု၍ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေသည့် ခရီသည်တင်ရေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များမှ ပစ်ခတ်သည်ဟု စွပ်စွဲရေးသားထားသည့် သတင်းတု ပြန့်နှံ့ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်သည် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ချင်းတွင်းမြစ် အထက်ပိုင်းသို့ စစ်ကောင်စီမှ ထောက်ပို့သွားနေသော ရေယာဉ်ကို မဟာမိတ်တပ်ညီနောင်တပ်ပေါင်းစုမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်ဖြစ်သည်။

ထိုသို့ သတင်းဖြန့်ဝေမှုများသည် စစ်အာဏာသိမ်းမှုအား လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များအပေါ် အများပြည်သူအထင်လွဲစေရန်နှင့် ယင်းတို့သည် အကြမ်းဖက်အဖွဲ့များသာဖြစ်ကြောင်း ဇာတ်ကြောင်းပုံ‌ဖော်ထားခြင်းသာဖြစ်သည်။

 

  1. လယ်တောထဲမှာ လယ်ရိတ်နေရတဲ့ သံဃာ​​တွေရဲ့ ပုံတွေက မြန်မာနိုင်ငံကပုံတွေ ဟုတ်ရဲ့လား (Link)

နိုဝင်ဘာလ (၂၉) ရက်နေ့တွင် သံဃာတော်အချို့စပါးရိတ်သိမ်းနေသည့် ပုံများကို အသုံးပြု၍ နေ့ရက် အချိန် တိတိကျကျ မဖော်ပြပဲ ဒကာဒကာမ များက စစ်ဘေးရှောင်နေပြီး ရဟန်းသံဃာများက စပါးရိတ်ပေးနေသည့် သယောင်ရေးသားထားသည့် သတင်းတု တစ်ခုပြန့်နှံ့ခဲ့သည်။ အဆိုပါ သတင်းတုတွင် အသုံးပြုထားသည့် ဓါတ်ပုံသည် ၂၀၁၉ ခုနှစ်တွင် ထိုင်းအမည်ဖြင့် ဖေ့ဘုတ်အကောင့်တစ်ခုမှ တင်ထားခဲ့သည့် ပုံများသာဖြစ်သည်။

ယင်းသို့ သတင်းတုမှာ မြန်မာနိုင်ငံရေးအရှုပ်အထွေးများကြောင့်  သံဃာများပင် တရားမကျင့်နိုင်ပဲ လောကုတ္တရာ အလုပ်များကို ကူးပြောင်းလုပ်ပေးနေရသယောင် ပုံဖော်ထားခြင်းဖြစ်သည်။

 

တွေးပြီးမှယုံသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းတု/မှား ဖော်ထုတ်သည့် သတင်း (၇) ပုဒ် တင်ဆက်ခဲ့သည်။ 

%d bloggers like this: