Home>>ဆောင်းပါး>>ကမ္ဘာ့နိုင်ငံတလွှားက Facebook ရဲ့ “အကျည်းတန်အမေရိကန်”ပြဿနာ 
ဆောင်းပါး

ကမ္ဘာ့နိုင်ငံတလွှားက Facebook ရဲ့ “အကျည်းတန်အမေရိကန်”ပြဿနာ 

၁၉၅၈ ခုနှစ်မှာ ယူဂျီးဘာဒစ် (Eugene Burdick) နဲ့ ဝီလျံလက်ဒရာ (William Lederer) တို့ရဲ့ “အကျည်းတန်အမေရိကန်” (The Ugly American) ဆိုတဲ့ ဝတ္ထုတအုပ် ထွက်ခဲ့ဖူးပါတယ်။ အဲဒီဝတ္ထုနာမည်ဟာ နောက်တော့ ဒေသအသီးသီးကဌာနေလူမျိုးတွေရဲ့ ဘာသာစကား၊ ယဥ်ကျေးမှု၊ လိုအပ်ချက်တွေကို နားလည်အောင်မကြိုးစားဘဲ သူတို့ဘဝ တိုးတက်အောင်လုပ်ပေးချင်တဲ့ ပြည်ပရောက် ဂျမ်းတော အမေရိကန်အရာရှိတွေကို ခေါ်တွင်တဲ့ အသုံးအနှုန်းတခု ဖြစ်လာခဲ့ပါတယ်။ (The Ugly America ဟာ အမေရိကန် သံတမန်အဖွဲ့တွေရဲ့ အရှေ့တောင်အာရှအတွင်း မအောင်မြင်မှုတွေကို ပုံဖော်ထားတဲ့ နိုင်ငံရေးဝတ္ထုတအုပ်ဖြစ်ပါတယ် – မှတ်ချက်။)

အကျည်းတန်အမေရိကန်တွေဖြစ်တဲ့ ပါတီကြီးနှစ်ခုစလုံးက နိုင်ငံရေးသမားအများစုနဲ့ အစိုးရတာဝန်ရှိသူအများစု ယုံကြည်နေတာက အမေရိကန်အင်စတီကျူးရှင်းတွေ လက်တွေ့လွန် စံပြုပုံဖော်ထားတဲ့ ဒီမိုကရေစီ၊ စျေးကွက်၊ လူ့အခွင့်အရေးဆိုတဲ့အရာတွေပေါ်မှာ အခြေခံတဲ့ ရိုးရိုးရှင်းရှင်းပုံသေနည်းတွေကို အသုံးချရုံနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်လို နိုင်ငံတွေကို စိတ်ကူးယဥ်ကမ္ဘာထဲက အနောက်နိုင်ငံတွေစတိုင် စားသုံးသူကျင်လည်ရာ လောကတခုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်ဆိုတာပါပဲ။ အဲဒီအမေရိကန်တွေကြောင့်ပဲ အကောင်းထက် အဆိုးတွေဟာ မလွှဲသာမရှောင်သာ ဖြစ်ခဲ့ရပါတယ်။

အထက်ကယူဆချက်မျိုးဟာ ဒီနေ့မှာတော့ အစိုးရအရာရှိတယောက်မှာမဟုတ်ဘဲ သာမန်နိုင်ငံသား တယောက်ဖြစ်တဲ့ Facebook ရဲ့ CEO မက်ဇက္ကာဘတ်ဆီမှာလည်း ရှိနေပါပြီ။

အမေရိကန်နိုင်ငံရေးနဲ့ယဥ်ကျေးမှုအပေါ် Facebook ရဲ့ သက်ရောက်မှုတွေက စိတ်ပျက်စရာ ကောင်းတာကြောင့် မစ္စတာ ဇက္ကာဘတ်ဟာ အဆက်မပြတ်ဝေခံနေရတာပါ။

နိုင်ငံခြားစျေးကွက်တွေအပေါ် Facebook ရဲ့ သက်ရောက်မှုကို လူတွေက အာရုံစိုက်တာ လျော့ကျလာနေပါတယ်။ ထို့အတူပဲ မက်ဇက္ကာဘက်ဟာ အဲဒီနိုင်ငံခြားစျေးကွက်တွေကို ထိုးဖောက် ဝင်ရောက်ခဲ့ရာမှာလည်း အင်စတီးကျူးရှင်းအားနည်းပြီး အရင်တုန်းကတည်းက မတည်ငြိမ်မှုတွေ ရှိရင်းစွဲဖြစ်တဲ့ နိုင်ငံတွေမှာ ဧရာမ လူမှုစမ်းသပ်ချက်တွေလုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး မြင်သာထင်ရှားတဲ့ စိုးရိမ်ပူပန်မှုမျိုး သူ့ဆီမှာ မတွေ့ခဲ့ရပါဘူး။

၂၀၁၅ ခုနှစ်တုန်းက ဇက္ကာဘတ်ဟာ ဂီတသမား ဘိုနိုနဲ့ ပေါင်းပြီး အင်တာနက်သုံးစွဲခွင့်ကို လူ့အခွင့်အရေးတရပ်အဖြစ် အားပေးမြှင့်တင်ခဲ့သလို နယူးယော့ခ်တိုင်းမ်သတင်းစာအတွက်လည်း နှစ်ယောက်ပေါင်း စာရေးခဲ့ပါတယ်။

သာဓကပြောရရင် အီသီယိုးပီးယားနဲ့ တန်ဇန်းနီးယားမှာ လယ်သမားတွေဟာ ရာသီဥတု အခြေအနေဆိုးတဲ့အချိန်မျိုးမှာ ဆက်သွယ်ရေးချိတ်ဆက်ပြီး စျေးကောင်းရတာ၊ ကုန်စည်စာရင်း တွက်ချက်စစ်ဆေးတာရှိသလို အာမခံကြေးကိုလည်း အွန်လိုင်းကတဆင့် ပေးသွင်းလာကြပါတယ်။ နိုင်ဂျီးရီးယားမှာဆိုရင် နိုင်ငံသားတွေဟာ အစိုးရက သူတို့သုံးစွဲမယ်လို့ ကတိပေးထားတဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး တကယ်ကတိတည်သလားဆိုတာကို အကဲဖြတ်လို့ရတဲ့ BudgIT application ကို သုံးကြပါတယ်။ ဂွာတီမာလာကို တချက်ကြည့်ကြည့်ရင်လည်း မိခင်တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာအောင် ဘယ်လိုနေရမလဲဆိုတာ ဆဲလ်ဖုန်းကနေ ကြည့်လို့ရပါပြီ။ ကင်ညာမှာဆိုလည်း အမျိုးသမီးတွေဟာ ဆဲလ်ဖုန်းကတဆင့် ငွေကြေးဝန်ဆောင်မှုတွေ ရရှိနေပါပြီ။

အရှိတရားဟာ နည်းနည်းတော့ အပြောင်းအလဲ ဖြစ်လာပါတယ်။ အီသီယိုးပီးယားမှာ “အမှီအခိုကင်းတဲ့ စာနယ်ဇင်း ဒါမှမဟုတ် ပွင့်လင်းတဲ့ ထုတ်ဖော်ပြောဆိုမှုတွေအပေါ် လူစုလူဝေးနဲ့ အကြမ်းဖက်အောင်၊ လူမျိုးရေးပဋိပက္ခဖြစ်အောင်၊ ဖျက်ဆီးဖြိုခွင်းအောင် အားပေးလှုံ့ဆော်တဲ့” ပို့စ်တွေ Facebook ပေါ်မှာ ရှိခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာလည်း လူမျိုးစုတစုက တခြားပြိုင်ဘက်လူမျိုးတစုကို အစုလိုက် သတ်ဖြတ်တယ်လို့ ယုံမှားလာအောင် တလွဲပုံဖော်ထားတဲ့ ကြောက်မက်ဖွယ်ရာ လူသေအလောင်းပုံတွေကို Facebook သုံးသူတွေ ဖြန့်ဝေလို့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနိုင်ငံမှာ Facebook သုံးစွဲသူ ၂၄ သန်း ရှိပေမဲ့ Facebook ပေါ်က ပို့စ်တွေကို အချက်အလက်စစ်ဆေးဖို့ (fact-check) Facebook က အလုပ်ခန့်ထားတာ လေးယောက်ပဲ ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း Facebook အကောင့်တွေသုံးပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးအကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ လှုံ့ဆော်ခဲ့တာတွေ ရှိပါတယ်။ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အသတ်ခံခဲ့ရသလို တော်တော်များများ လည်း တိုင်းပြည်ပြင်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ သီရိလင်္ကာ၊ ယီမင်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလည်း ပဋိပက္ခနဲ့ အစုလိုက်သတ်ဖြတ်မှုတွေကို မီးလောင်ရာလေပင့်ဖို့ အလားတူ Facebook အကောင့်တွေ အသုံးပြုနေကြပါတယ်။ ပြောရရင် ဗီယက်နမ်အစ ပိုလန်အဆုံး နိုင်ငံတော်တော်များများမှာ အစိုးရတွေနဲ့ အစိုးရထောက်ခံသူတွေဟာ အာဏာဖီဆန်သူတွေ၊ နိုင်ငံရေးအတိုက်အခံတွေ၊ အန္တရာယ် ကျရောက်လွယ်တဲ့ လူနည်းစုတွေ (vulnerable minorities) ကို ပစ်မှတ်ထားဖို့၊ နှောင့်ယှက်ဖို့နဲ့ ဒုက္ခပေးဖို့ Facebook ကို အသုံးပြုနေကြပါတယ်။

နယူးယော့ခ်တိုင်းမ်က ဆောင်းပါးမှာ မက်ဇက္ကာဘတ်ဟာ Facebook မဟုတ်ဘဲ အင်တာနက်ရရှိရေးကို သာသာထိုးထိုး ပိုပြောထားပါတယ်။ ဒါပေမယ့် မက်ဇက္ကာဘတ်ရဲ့ အစီအစဥ်ထဲမှာရော လက်တွေ့ အရှိတရားမှာပါ အင်တာနက်ရရှိမှုနဲ့ Facebook ဆိုတာက ဒွန်တွဲနေတာကို ကျွန်တော်တို့ အားလုံး ခုသိပြီးသားပါ။ Facebook နဲ့ သူ့ပိုင် Instagram နဲ့ WhatsApp တွေဟာ အမေရိကန်ပြည်ထောင်စုမှာလိုပဲ နိုင်ငံတော်တော်များများမှာလည်း လူတွေအပေါ် အလွှမ်းမိုးနိုင်ဆုံး လူမှုမီဒီယာပလက်ဖောင်းတွေ ဖြစ်နေပါတယ်။

ဇက္ကာဘတ်တို့ရဲ့ ဆောင်းပါး ဖော်ပြပြီးနောက်ပိုင်းမှာ အင်တာနက်နဲ့ Facebook နှစ်ခုစလုံး အခြေအနေ ကောင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ဒီကနေ့ချိန်အတွင်း အင်တာနက်ရရှိတဲ့ ကမ္ဘာတဝန်းလူဦးရေဟာ ၄၁ ရာခိုင်နှုန်းကနေ ၆၆ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး Facebook ရဲ့ လစဥ်အသုံးပြုသူအရေအတွက်ဟာလည်း ၁.၄၉ ဘီလျံကနေ ၂.၈၉ ဘီလျံထိ မြင့်တက်လာပါတယ်။ အဲဒီကာလအတွင်းမှာ Facebook ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ယုတ်လျော့စေတဲ့နေရာမှာ ဘယ်လောက်ပမာဏအထိ ပါဝင်မှုရှိခဲ့လဲဆိုတာ မသိရပေမဲ့ ကမ္ဘာတဝန်းက အဆိုးရွားဆုံး ရက်စက်မှုတချို့မှာနဲ့ ကမ္ဘာ့ဒေသအားလုံးက နိုင်ငံရေးဖြစ်စဥ်တွေကို ပိုကမောက်ကမ,ဖြစ်အောင် အွန်လိုင်းကနေအထောက်အပံ့ပြုတဲ့နေရာမှာ Facebook ဟာ အခန်းကဏ္ဍ တခုကနေ ပါဝင်ခဲ့တာ ထင်ရှားပါတယ်။

မက်ဇက္ကာဘက်ရဲ့ “ကမ္ဘာလုံးဆိုင်ရာ အသိုက်အမြုံတခု တည်ဆောက်ရေး” ပန်းတိုင်ဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒနဲ့ တူနေချိန်မှာ ခြွင်းချက်တခုက Facebook ဟာ ပုဂ္ဂလိက အဖွဲ့အစည်းတခု ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ တရားစီရင်ပိုင်ခွင့်ပေါ် ကျိန်းသေ မူတည်နေပါတယ်။ Facebook ကို ထိန်းချုပ်ကိုင်တွယ်ဖို့ အခြေခံအဆောက်အအုံဆိုင်ရာစွမ်းဆောင်ရည် (institutional capacity) မရှိတဲ့ နိုင်ငံတွေမှာ အမေရိကန်အနေနဲ့ Facebook ကို ဝင်ကိုင်တွယ်ထိန်းကျောင်းပေးရလောက်အောင် သူဟာ ကမ္ဘာကြီးပေါ် အကြွေးတင်နေပြီလားဆိုတာကတော့ ကွန်ဂရက်လွှတ်တော်ရယ်၊ သမ္မတရယ်နဲ့တကွ ပေါင်းစပ်ပြီး အမေရိကန်နိုင်ငံခြားရေးမူဝါဒချမှတ်ရေးမှာ သုံးသပ်ဆင်ခြင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ပြုပြင်ပြောင်းလဲမှု အနည်းငယ်တော့ အဆိုပြတာရှိပါတယ်။ အမေရိကန်လူမှုမီဒီယာကုမ္ပဏီတွေအနေနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ လူမှုမီဒီယာပလက်ဖောင်းပေါ်က အကြောင်းအရာတွေကို စောင့်ကြည့်၊ အချက်အလက် စစ်ဆေးတာတွေလုပ်ရာမှာ သုံးစွဲတဲ့ရင်းမြစ် (ငွေကြေး၊ အချိန်၊ ဝန်ထမ်း စသဖြင့်) တွေအတိုင်း တခြားပြည်ပနိုင်ငံတွေမှာလည်း အချိုးအစားတူတဲ့ ရင်းမြစ်တွေကို သုံးစွဲပြီး လုပ်ဆောင်ရမယ်ဆိုတဲ့ ဥပဒေတရပ်ကို ကွန်ဂရက်လွှတ်တော်က ပြဌာန်းတာမျိုးလုပ်နိုင်ပါတယ်။

ဘာဒစ်ခ်နဲ့ လက်ဒရာတို့ရဲ့ဝတ္ထုစာအုပ်ခေါင်းစဥ်က “အကျည်းတန်အမေရိကန်” (The Ugly American) ဆိုတာဟာ တကယ်တော့ ဇာတ်လမ်းထဲမှာပါတဲ့ အနည်းငယ်သော အမေရိကန်လူကောင်းတွေထဲက တယောက်အကြောင်းကို ထေ့တဲ့သဘောနဲ့ ရည်ညွှန်းပြီးသုံးထားတာပါ။ လိုတိုရှင်းရေးတာက ပိုအသုံးဝင်တာကြောင့် အနုတ်သဘောဆောင်တဲ့အဓိပ္ပာယ်ကို လူတွေ စိတ်ထဲပိုစွဲသွားခဲ့တာပါ။ စိတ်ထဲစွဲဆို အမေရိကန်ရဲ့ ခပ်ဆိုးဆိုးပုံစံက ကောင်းတဲ့ပုံစံထက် အဆမတန် ပိုများနေတာကိုး။ နောက်ပြီး Facebook ရဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ တစွန်းတစကျေးဇူးကြောင့်လည်း ခုဆို အကျည်းတန်အမေရိကန်ဟာ နေရာတိုင်းမှာ ရှိနေပြီ ဖြစ်ပါတယ်။

 

Bangkok Post သတင်းစာရဲ့ ဝက်ဆိုက်မှာ ဖော်ပြထားတဲ့ အဲရစ်ပို့စနာ (Eric Posner) ရဲ့ Facebook’s ‘Ugly American’ Problem Abroad အတွေးအမြင်ဆောင်းပါးကို မြန်မာပြန်ပါတယ်။ အဲရစ်ပို့စနာဟာ ရှီကာဂိုတက္ကသိုလ်၊ Law School က ပါမောက္ခတဦးဖြစ်သလို “How Antitrust Failed Worker” စာအုပ်ကိုရေးသားသူလည်း ဖြစ်ပါတယ်။

%d bloggers like this: