Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>အာဏာသိမ်းစစ်တပ်ရဲ့ ကြမ်းကြုတ်မှု​တွေကို ​​မှေးမှိန်​စေတဲ့ ပုံအလွဲနဲ့ ​ဖော်ပြချက်​တွေ ထပ်မံဖြန့်​ဝေ​နေ
နိုင်ငံရေး

အာဏာသိမ်းစစ်တပ်ရဲ့ ကြမ်းကြုတ်မှု​တွေကို ​​မှေးမှိန်​စေတဲ့ ပုံအလွဲနဲ့ ​ဖော်ပြချက်​တွေ ထပ်မံဖြန့်​ဝေ​နေ

ဒီဇင်ဘာလထဲမှာ ချင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ဧရာဝတီ၊ တနင်္သာရီ စတဲ့ တိုင်းနှင့်ပြည်နယ်​တွေကို စစ်တပ်ဘက်က လေကြောင်းသုံးထိုးစစ်ဆင်မှု​တွေကို အဆင်ခြင်မဲ့ပြုလုပ်ခဲ့တာ​တွေ အများအပြားရှိခဲ့ပါတယ်။ ဒီလို ကြမ်းကြုတ်တဲ့ လုပ်ရပ်​တွေ​ကြောင့် ရွာလုံးကျွတ်မီး​လောင်ပျက်ဆီးရတာ​တွေ၊ လူ​တွေနဲ့ တိရိစ္ဆာန်​တွေ ​သေ​ကြေပျက်ဆီးတာ​တွေ အများအပြားဖြစ်ခဲ့ရပါတယ်။ ဒီလို ဖြစ်ရပ်​တွေနဲ့ တဆက်တည်းမှာပဲ တခြား​နေရာ​တွေက ဓါတ်ပုံ​တွေနဲ့ နိုင်ငံရပ်ခြားက ပုံ​တွေကို သုံးပြီး​တော့ ဖြစ်စဥ်​တွေ​ကို ​ရော​နှော ဖြန့်​ဝေတာ​တွေ ရှိလာပါတယ်။

ဒီလို ပုံ​တွေနဲ့ သတင်း​တွေကို “Marry Christmas from Burma စစ်ကိုင်း၊မကွေး ကျွန်မတို့အညာမြေမှာ… ရွာတွေပြာကျတဲ့အထိ ယနေ့…”ဆိုပြီး ပုံ​တွေနဲ့ဖော်ပြထားတာကိုတွေ့ခဲ့ရပါတယ်။ သတင်းကို Super Hero Gen Zဆိုတဲ့ page ကတင်ထားပြီး Like & react ပြုလုပ်သူ 974 ယောက်နှင့် ပြန်လည်မျှဝေသူပေါင်း ၂၇၂ ယောက်ရှိနေပြီဖြစ်ပါတယ်။

သတင်းမှာပါတဲ့ပုံတွေကို တွေးပြီးမှယုံ က​နေ စစ်ဆေးကြည့်ရာမှာတော့ အခြားနိုင်ငံက ပုံတွေနဲ့ ပုံအဟောင်း​တွေကိုယူသုံးထားတာကို တွေ့ခဲ့ရပါတယ်။

• ပထမဆုံးပုံမှာ ၂၀၂၀၊ မေလ တုန်းက တာလီဘန်​တွေကို လေကြောင်း တိုက်ခိုက်ထားတဲ့ဖြစ်စဉ်ကပုံကို ယူသုံးထားတာဖြစ်ပါတယ်။ ဒီသတင်းကို ဒီမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

• ဒုတိယပုံမှာလည်း ၂၀၂၁ ခုနှစ် ဧပြီ ၂၈ရက်တွင် ကချင်ပြည်နယ်၊ မိုးမောက်သို့ စစ်တပ်ဘက်မှ အမြှောက်ကျည်သုံးပြီး တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့ရတဲ့ ဖြစ်စဉ်မှ ပုံကိုယူသုံးထားတာပဲဖြစ်ပါတယ်။ ဒီမှာ ဝင်ရောက်ဖတ်ရှုလို့ရပါတယ်။

• တတိယပုံမှာဆိုရင်လည်း Norway မှာရှိတဲ့ Viking Village မီးလောင်မှုဖြစ်စဉ်က ပုံကို ယူသုံးထားတာပဲဖြစ်ပါတယ်။

• စတုတ္ထပုံဟာ ၂၀၂၀ခုနှစ် မေလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှ မပေါက်ကွဲသေးသော မြေမြုပ်မိုင်းနှင့် လက်နက်များကြောင့် ၂၆ဦးသေဆုံးသွားတဲ့ သတင်းမှ ပုံကိုယူသုံးထားတာပဲဖြစ်ပါတယ်။

• နောက်ဆုံးပုံမှာတော့ ၂၀၂၀ခုနှစ် မေလထဲက ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ မီးရှို့ခံရတဲ့ ဖြစ်စဉ်ကပုံပဲဖြစ်ပါတယ်။

အခုလို အခြားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ပုံတွေနဲ့ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်အဟောင်းကပုံတွေကိုယူသုံးတာဟာ သတင်းမှန်ရဲ့ တန်ဖိုးကိုကျဆင်းစေပြီး သတင်းမှန်စီးဆင်းမှုနှေးကွေးစေပါတယ်။ မြေပြင်မှာဖြစ်ပေါ်နေတဲ့ သတင်းအမှန်တွေကို သတင်းမီဒီယာများမှ ဖော်ပြချိန် ပုံအလွဲများသုံးပြီး သတင်းတုဖြန့်ဝေမှုဟာ လက်ရှိပကတိဖြစ်နေတဲ့ သတင်းတွေကိုဖုံးလွှမ်းသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံတွေနဲ့တက်လာတိုင်း သတင်းကိုမယုံမိဖို့အရေးကြီးပါတယ်။ ပုံတွေကို စစ်ဆေးချင်တယ်ဆိုရင်လည်း Google image search နဲ့ Reverse image search ကိုအသုံးပြုပြီး စစ်ဆေးလို့ရပါတယ်။ သတင်းစစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box သို့လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: