Home>>သတင်းအတုစစ်ဆေးခြင်း>>တိုင်းရင်းသား>>လေး​ကေ့​ကော်တိုက်ပွဲမှာ PDF ​တွေ အကျအဆုံးများ​နေတယ်လို့ စစ်တပ်ဝါဒဖြန့်သူ​တွေ ဖြန့်​နေ
တိုင်းရင်းသားနိုင်ငံရေး

လေး​ကေ့​ကော်တိုက်ပွဲမှာ PDF ​တွေ အကျအဆုံးများ​နေတယ်လို့ စစ်တပ်ဝါဒဖြန့်သူ​တွေ ဖြန့်​နေ

အာဏာသိမ်းစစ်တပ် က​နေ ​လေ​ကြောင်းနဲ့ လက်နက်ကြီးအားကိုးပြီး အပြင်းအထန် ထိုးစစ်ဆင်​နေတဲ့ ကရင်ပြည်နယ်၊ ​လေး​ကေ့​ကော်​ဒေသက တိုက်ပွဲ​တွေမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် – PDF ​တွေ အများအပြားကျဆုံး​နေတယ်ဆိုတဲ့ သတင်းတု​တွေပြန့်နှံ့​နေပါတယ်။စစ်တပ်ဝါဒဖြန့် အ​ကောင့်​တွေ၊ ဂရု​တွေနဲ့ ​ပေ့ချ်​တွေက​နေ “လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးတိုက်ပွဲတွင် pdf (60)ဦးကျဆုံးပြီး အဖမ်းခံရတာတွေလည်းရှိသည်ဟု KNU သတင်းအရင်းအမြစ်က ဆိုပါသည်တဲ့” ဆိုပြီးရေးသားဖြန့်​ဝေ​နေကြတာကို တွေ့ရပါတယ်။ဒီစာ​တွေကိုပဲ ထပ်ဆင့်ကူးယူ​ဖော်ပြ​နေကြတာ​တွေ ရှိ​နေသလို ယခုသတင်းတုနဲ့ သံတူ​ကြောင်းကွဲ ပုံ​စံ​တွေလည်း အများအပြားဖြန့်​ဝေ​နေတာကို သတိထားမိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ဖို့ရာအတွက် KNU ရဲ့ တရားဝင် ​ဖေ့ဘွတ်ခ်စာမျက်နှာနဲ့ ကရင်ပြည်နယ်မှ သတင်း​တွေကို အ​ဓိက ​ဖော်ပြ​ပေး​နေတဲ့ KIC – Kayin Information Center တို့ရဲ့ ​ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရှာ​ဖွေကြည့်ခဲ့ရာမှာ​​တော့ သတင်းတုမှာဖြန့်​ဝေထားသလိုမျိုး မ​တွေ့ခဲ့ရပါ။ ​
ဒါ့အပြင် ဒီဇင်ဘာ၊ ၂၀ မှ ၂၃ နေ့ထိ စစ်ကောင်စီနှင့် KNLA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၉ဉီးကျဆုံး၍ ၁၁ဦးဒဏ်ရာရရှိထားကြောင်းကို KIC ကနေ ဒီဇင်ဘာ၂၃ရက်နေ့က ဒီမှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ၊ ၂၆ က ကရင်ပြည်နယ်၊ မယ်ဝါးခီး​ကျေးရွာအနီးတိုက်ပွဲမှာ​တော့ PDF သုံးဦးကျဆုံးခဲ့သလို၊ ဒဏ်ရာရသူ​တွေနဲ့ ဖမ်းဆီးခံရသူတချို့ ရှိခဲ့တယ်လို့ Irrawaddy – Burmese Edition က​နေ ​ဖော်ပြထားတာကို​တော့ ​တွေ့ခဲ့ရပါတယ်။ သတင်းတု ဖြန့်​ဝေထားသလိုမျိုး အ​ယောက် ၆၀ ​ကျော်ထိ ကျဆုံးတယ်ဆိုတာက​တော့ သတင်းတုသာဖြစ်​နေပါတယ်။ ​ဒီလင့်ခ် မှာ ကြည့်နိုင်ပါတယ်။
ဒီဇင်ဘာ၊ ၁၄ ကနေစပြီး KNU နဲ့ စစ်တပ်အကြားက ငြိမ်းချမ်း​ရေးအထိမ်းအမှတ်မြို့​ လေးကေ့ကော်မြို့သစ်တွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ​တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ​တွေ ခိုလှုံနေထိုင်နေတယ်ဆိုပြီး ဝင်ရောက်ရှာဖွေဖမ်းဆီးမှု​တွေကို လုပ်ခဲ့ပါတယ်။ထိုသို့ရှာဖွေဖမ်းဆီးမှု​တွေ လုပ်ခဲ့ပြီးနောက်မှာ​တော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်တပ်တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲ​တွေစတင်ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၂၃ရက်နေ့ညမှစပြီး စစ်တပ်ဘက်မှ အဆင်ခြင်မဲ့ လေကြောင်းထိုးစစ်ဆင်​တွေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ​တွေ​ကြောင့် ဒေသခံပြည်သူ​တွေ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်တပ်ဝါဒဖြန့်သူ​တွေဟာ အခုလိုပုံစံတူ သတင်းတု​တွေကို မကြာခဏဆိုသလို ဖြန့်​ဝေ​တတ်ပါတယ်။ဒါ့ကြောင့် မြေပြင်မှာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လူမှုကွန်ရက်ပေါ်မှာ အခြေအမြစ်မရှိရေးသားဖြန့်ဝေတဲ့ သတင်းများကို မယုံဖို့ လိုအပ်ပါတယ်။ မြေပြင်နဲ့ ထိစပ်တဲ့ ဒေသခံ မီဒီယာများနဲ့ ယုံကြည်ရတဲ့ မီဒီယာတွေက ဖော်ပြမှုကိုသာယုံသင့်ပါတယ်။ သတင်းတုတွေ့ခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box သို့လာရောက်မေးမြန်းနိုင်ပါတယ်နော်။
%d bloggers like this: