တွေးပြီးမှယုံမှ ဒီဇင်ဘာလအတွင်းတွေ့ရှိရသည့် သတင်းတု/မှားများနှင့်ပတ်သက်ပြီး အချက်အလက်စစ်ဆေးခဲ့ရာ အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF), အမျိုးသားညီညွတ်ရေးအစိုးရ (NUG), ကရင်အမျိုးသားအစည်းအရုံး (KNU) စသည်တို့နှင့် ပတ်သက်၍ သတင်းတုများ အများအပြားထွက်ပေါ်လာခဲ့သည်။ PDF, NUG တို့နှင့် စပ်ဆက်၍ ဖြန့်ဝေခဲ့သည့် သတင်းတုများမှာ အဓိကအားဖြင့် ယင်းတို့အပေါ် အကြမ်းဖက်များ၊ ပြည်သူများအပေါ် တိုက်ခိုက်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နေသူများ ဇာတ်ကြောင်းသွင်း၍ ဖြန့်ဝေနေမှုများကို တွေ့ရသည်။ သတင်းတုများမှာ လတ်တလော နံမည်ကျော်ကြားဖြစ်စဉ်များအပေါ် မှီခို၍ အထင်မြင်လွဲမှားစေရန်၊ စိတ်အားတက်ကြွစေရန်နှင့် အချက်အလက်အမှားများ စုဆောင်းမိလျက်သားဖြစ်စေနိုင်သည့် သတင်းတုပုံစံ အများအပြား ဖြန့်ဝေခဲ့ကြသည်။ ဖြန့်ဝေသူများတွင် အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံသူများ၏ ဖေ့ဘွတ်ခ်အကောင့်များ၊ ဂရုများ၊ ပေ့ချ်များနှင့် ဂရုများမှ ဖြန့်ဝေခဲ့ကြရုံသာမက ယင်းတို့အား တော်လှန်နေသူများဟု ယူဆရသူများမှလည်း ပြန်လည်ဖြန့်ဝေခဲ့ကြသည်အား တွေ့ရှိခဲ့ရသည်။
ဒီဇင်ဘာလအတွင်း စစ်ကောင်စီဘက်မှ ဝါဒဖြန့်သူများ၏အကောင့်များ၊ ဂရုများမှ သတင်းတု/မှားများ အစဉ်တစိုက်ဖြန့်ဝေခဲ့မှုများရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အား အားပေးထောက်ခံသည့် အကောင့်များမှလည်း ရေးသားဖြန့်ဝေခဲ့မှုများကို တွေ့ရှိခဲ့ရသည်။
အဓိကအားဖြင့် အခြားဖြစ်စဉ်များမှ ဓါတ်ပုံများ၊ ဗွီဒီယိုဖိုင်များကို ပြန်လည်အသုံးချပြီး လတ်တလောဖြစ်စဉ်များနှင့် ချိတ်ဆက်၍ ပြန်လည်ဖြန့်ဝေခဲ့ကြသည်။ ဖြန့်ဝေသူများတွင် တရားဝင်မီဒီယာတချို့မှလည်း ဖြန့်ဝေမှုများ ပြုလုပ်ခဲ့သည်အား သတိထားတွေ့ရှိခဲ့ရသည်။
NUG နှင့် စစ်ကောင်စီတို့မှတွေ့ဆုံညှိနှိုင်းသည်ဆိုသည့် သတင်းတုများ၊ ကြေညာချက်အတုများနှင့် လေးကေ့ကော်အတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် PDF များနှင့် အနုပညာရှင်တချို့ ကျဆုံးသည်ဆိုသည့် သတင်းတုများ အများအပြားထွက်ပေါ်လာခဲ့ပြီး ပြန်လည်တိုက်ဖျက်မှုများပြုလုပ်ခဲ့သည်။
နိုင်ငံရေးအရ ဖြန့်ဝေထားခဲ့သည့် သတင်းတုများအနေဖြင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုများ အားလျော့စေရန်၊ အထမမြောက်စေရန် စနစ်တကျရည်ရွယ်ပုံဖော်ခဲ့သည့် သတင်းတုများလည်း အများအပြားတွေ့ရှိရသည်။ ယင်းအပြင် NUG နှင့် အာဏာသိမ်းစစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း စေ့စပ်ညှိနှိုင်းရေးနှင့် စပ်ဆက်သည့် သတင်းတုအချို့ကိုလည်း ဖြန့်ဝေခဲ့သည်။
ဒီဇင်ဘာလအတွင်း တွေးပြီးမှယုံမှ ပြန်လည်ဖြေရှင်းခဲ့သည့် သတင်းတုများ။
- PDF တွေသစ်ခိုးထုတ်နေတာလား၊ သစ်ခိုးသမားတွေကိုဖမ်းဆီးနေတာလား
ဒီဇင်ဘာလ ၁ရက်နေ့တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် Kyaw Swar မှ “သစ်ခိုးထုတ်နေတဲ့ PDFများ…. ကနီ PDF များအနေဖြင့် ငွေကြေးထောက်ပံ့မှုနည်းပါးခြင်းကြောင့် စားဝတ်နေရေးအခက်အခဲလဲကြုံကာ နိုင်ငံပိုင်သစ်များခိုးထုတ်နေ…” ကြောင်း ပုံနှင့်တကွ သတင်းတုရေးသားဖြန့်ဝေခဲ့သည်။ ထိုပုံမှာ Kani People’s Defense Force- KPDF မှ ဒီဇင်ဘာလ ၁ရက်နေ့တွင် သစ်ခိုးထုတ်သူများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ကြေညာထားသည့် ပုံသာဖြစ်သည်။ သတင်းတုတွင် အသုံးပြုထားသည့် ပုံတွင် ကနီ-PDF ၏ တံဆိပ်အားလည်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် နိုင်ငံတကာမီဒီယာတခုဖြစ်သည့် BBC-Burmese မှထပ်ဆင့်ဖော်ပြထားပြီး ကနီ PDFမှ တာဝန်ရှိသူများနှင့် မေးမြန်းထားမှုများကိုလည်း တွေ့ရှိခဲ့ရသည်။ ယခုကဲ့သို့ ဖြစ်စဉ်အမှန်မှ ဓာတ်ပုံကိုအသုံးပြု၍ သတင်းတုရေးသားဖြန့်ဝေမှုများသည် သတင်းမှန်၏တန်ဖိုးကိုလျော့ကျစေပြီး သတင်းမှန်စီးဆင်းမှုကို နှေးကွေးစေပါသည်။ Link
- ဆန္ဒပြတဲ့ ဗွီဒီယိုဖိုင်အဟောင်းကို အချိန်ကိုက်ပြန်သုံးပြီး သတင်းမှန် ဖုံးကွယ်ဖို့ ကြိုးပမ်းနေ
ဒီဇင်ဘာ၊ ၅ တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း၌လူထုပျောက်ကြား သပိတ်စစ်ကြောင်းကို စစ်တပ်မှ ကားဖြင့်ဝင်တိုက်၍ အကြမ်းဖက်ဖြိုခွင်းမှုများရှိခဲ့ပြီး သေဆုံးသူများ၊ ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးခံရသူများရှိခဲ့သည်။ ထိုနေ့ မွန်းလွဲ၊ ၁ နာရီဝန်းကျင်၌ “ရန်ကုန်လှည်းတန်းလမ်းကြား December 05” ဟုရေးသားထားပြီး ထိုနေ့တွင် လှည်းတန်း၌ ဆန္ဒပြနေသယောင် အသွင်ဖန်တီး၍ Video ဖိုင်အဟောင်းတစ်ခု ပြန့်နှံ့ခဲ့သည်။ ထိုဗွီဒီယိုဖိုင်အဟောင်းကို ကြိုက်နှစ်သက်သူ ၅၇၀၀ကျော်၊ ကြည့်ရှုသူပေါင်း ၁၂၀၀ ကျော်နှင့် ပြန်လည်မျှဝေသူပေါင်း ၁၃၀၀ ကျော်ရှိခဲ့သည်။
သတင်းတုပြုလုပ်ထားသည့် Videoဖိုင်မှာ ဧပြီ၊ ၂၇ တွင် ရန်ကုန်မြို့လှည်းတန်းလမ်းကြား၌ သပိတ်ပြုလုပ်ခဲ့သည့် ဗွီဒီယိုဖိုင်ဖြစ်သည်။ ထိုသို့ ဖြစ်စဉ်အဟောင်းမှ Video ဖိုင်ကို ပြန်လည်အသုံးပြုပြီး ယခုပင် ဖြစ်နေသယောင်ရေးသားဖြန့်ဝေမှုသည် သတင်းမှန်များကို ဖုံးလွှမ်းသွားစေနိုင်သည်။ Link
- အသံတိတ်သပိတ်ကို ရက်ပြောင်းလုပ်ရန် NLD ပါတီထုတ်ပြန်ဆိုတဲ့ ကြေညာချက်အတုဖြန့်နေ၊ အသံတိတ်သပိတ်အားလျော့စေရန် ဖြန့်ဝေခြင်းဖြစ်
ဒီဇင်ဘာ၊ ၁၀ တွင် ပြုလုပ်မည့် အသံတိတ်သပိတ်မတိုင်မီ ဒီဇင်ဘာ၊ ၉ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပြန်ကြေငြာချက်တစောင်သည် စစ်တပ်ဝါဒဖြန့်ချန်နယ်ဖြစ်သည့် Kyaw Swar၊ တပ်ကြပ်ကြီးဖိုးစီအစရှိသော တယ်လီဂရမ် ချန်နယ်များမှဖြန့်ဝေခဲ့ကြပြီး ဖေ့စ်ဘွတ်ခ် လှုမှုကွန်ရက်ပေါ်သို့ ထပ်ဆင့်မျှဝေခဲ့ကြသည်။
ကြေညာချက်တွင် “ဒီဇင်ဘာ ၁၀ရက်နေ့အား Silent Strike Day အဖြစ် သတ်မှတ်ခြင်းအား မိမိတို့အဖွဲ့မှကြေညာထားခြင်းမရှိကြောင်းနှင့် ထိုနေ့ဟာ သောကြာနေ့ဖြစ်တာကြောင့် မွတ်ဆလင်များ ဘုရားဝတ်ပြုရန် ကိစ္စရပ်များရှိသဖြင့် ရက်ရွှေ့ပြောင်းရန်” ဟု ရေးသားထားသည်။
ထိုကြေညာချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကြေညာချက်အားထုတ်ပြန်ထားခြင်းမရှိပါ။ ဒါ့အပြင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၏ သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာ နှင့် အကောင့်များတွင်လည်း ထိုကြေညာချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပါ။ Link
- ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော် အေးချမ်းစေရန် ပြုလုပ်ပါက စွဲချက်တင်ထား တဲ့အမှုအချို့ကို ပြန်ရုတ်သိမ်းမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောခဲ့လား
ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံတော်အေးချမ်းအောင်လုပ်ပေးပါက အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်ဟု အာဏာသိမ်းစစ်တပ် ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း မှပြောခဲ့ကြောင်းသတင်းတုပြန့်နှံ့ခဲ့သည်။ ထိုသတင်းတုအား Revolution News ဆိုသည့် စာမျက်နှာမှ ဒီဇင်ဘာ ၁၅ရက်နေ့တွင် ဖြန့်ဝေခဲ့ပြီး သတင်းတုအား ကြိုက်နှစ်သက်သူ ၄၆၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၂၂၄၆ ယောက်ရှိခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်ပြီး စစ်တပ်မှပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ တစုံတရာ ပြောဆိုခဲ့ခြင်းမျိုး မတွေ့ရှိခဲ့ရပေ။ ဒီဇင်ဘာ၊ ၁၃ တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ကို NUG, CRPH ကိစ္စများနှင့်ပတ်သက်၍ ၎င်း၏ရှေ့နေမှတစ်ဆင့် မှတ်ချက်ပေးခွင့်ပြုထားကြောင်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ ပြောဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ သတင်းတုများပေါ်ထွက်လာခြင်းဖြစ်သည်။ Link
- ပုံတလွဲသုံးခံနေရတဲ့ ကယားစစ်ဘေးရှောင်များအစုလိုက်အပြုံလိုက် အသတ်ခံရမှု
ဒီဇင်ဘာ၊ ၂၄ တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၈ဦးထက်မနည်း အကြောင်းမဲ့ မီးရှို့သတ်ဖြတ်ခဲ့သည်။ ယင်းဖြစ်စဉ် နောက်ပိုင်းတွင် ကလေးငယ်များနှင့် အမျိုးသမီးများ ပါဝင်စီးနင်းလာသည့် ကားပုံကို အသုံးပြု၍ မီးရှို့သတ်ဖြတ်ခံရသူများဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလာကြသည်။ ထိုသို့ ဖြန့်ဝေမှုများတွင် သတင်းမီဒီယာအချို့ပါဝင်ခဲ့သည်။
ထိုပုံသည် အာဏာသိမ်းစစ်တပ်မှ တိုက်လေယာဉ်များနှင့် လက်နက်ကြီးများအသုံးပြု အဆင်ခြင်မဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လေးကေ့ကော်မှ စွန့်ခွာလာပြီး မဲဆောက်မြို့၊ မဲ့သောင်ကန်ရပ်ကွက် စာသင်ကျောင်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များကို ဒီဇင်ဘာ၂၅ရက်နေ့တွင် ဖုတ်ရေမြို့နယ်၊ မဟာဝမ်းတိုက်နယ်၊မဲ့ကတင်းကျေးရွာအနီးမှ စစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့နေသည့် DVB TV News မှ တင်ဆက်ထားသည့် ပုံသာဖြစ်သည်။ Link
- လေးကေ့ကော်မှာ စစ်တပ်ရဲ့ ဂျက်ဖိုက်တာတစီးကို ပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုအဟောင်းကို ပြန်သုံးပြီးဖြန့်နေ
အာဏာသိမ်းစစ်တပ်၏ ဂျက်ဖိုက်တာတစီးကို တော်လှန်ရေးအင်အားစုတစ်ခုမှ ပစ်ချနိုင်ခဲ့ကြောင်း ဗွီဒီယိုဖိုင်တခုသည် ဒီဇင်ဘာ၊ ၂၅ ရက်စွဲနှင့် လူမှုကွန်ရက်ပေါ်သို့ ပြန့်နှံ့ခဲ့သည်။ အဆိုပါသတင်းအား ဒီဇင်ဘာ၊ ၂၆ တွင် သတင်းမီဒီယာတခုမှ တင်ဆက်ခဲ့ကာ နာရီပိုင်းအတွင်းတွင် ပြန်လည်ဖြုတ်ချခဲ့သည်။
အဆိုပါ ဗွီဒီယိုဖိုင်သည် ၂၀၁၆ ခုနှစ်အတွင်း တူရကီတောင်ပိုင်း၌ ရုရှားဂျက်ဖိုက်တာတစီး ပစ်ချခံလိုက်ရသည့် ဖိုင်တစ်ခုသာဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ရက်စွဲအမျိုးမျိုးနှင့် ဆိုရှယ်မီဒီယာများ၊ သတင်းဌာနဝက်ဆိုက်ဘ်များတွင် ဖြန့်ဝေခဲ့မှုများကို တွေ့ရှိရသည်။ Link
- အာဏာသိမ်းစစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေကို မှေးမှိန်စေတဲ့ ပုံအလွဲနဲ့ဖော်ပြချက်တွေ ထပ်မံဖြန့်ဝေနေ
ဒီဇင်ဘာလအတွင်း ချင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ဧရာဝတီ၊ တနင်္သာရီစသည့် တိုင်းနှင့်ပြည်နယ်များသို့ စစ်တပ်ဘက်မှ လေကြောင်းသုံးထိုးစစ်ဆင်မှုများကို အဆင်ခြင်မဲ့ ပြုလုပ်ခဲ့သည်။ ယင်းလုပ်ရပ်များကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးမှုများ၊ လူနှင့်တိရစ္ဆာန်များသေကြေပျက်ဆီးမှုများ အများအပြားဖြစ်ခဲ့ရသည်။ ထိုဖြစ်စဉ်များ ဖြစ်နေချိန်တွင် အခြားနိုင်ငံမှပုံများနှင့် ဖြစ်စဉ်အဟောင်းမှပုံများကို အသုံးပြု၍ ဖြစ်စဉ်များရောနှောဖြန့်ဝေခဲ့ကြသည်။ သတင်းတုတွင် “Marry Christmas from Burma စစ်ကိုင်း၊ မကွေး ကျွန်မတို့အညာမြေမှာ ရွာတွေပြာကျတဲ့အထိ ယနေ့…” ဟု ရေးသားဖြန့်ဝေထားသည်။ ထိုသတင်းတုအား ကြိုက်နှစ်သက်သူ ၉၇၄ ဦး နှင့် ပြန်လည်မျှဝေသူပေါင်း ၂၇၂ ဦး ရှိခဲ့သည်။ သတင်းဓာတ်ပုံများကို Reverse image search အသုံးပြု၍ စစ်ဆေးခဲ့ရာ အခြားနိုင်ငံများ ဖြစ်စဉ်များသာဖြစ်နေသည်။ Link
- လေးကေ့ကော်တိုက်ပွဲမှာ PDF တွေအကျအဆုံးများနေတယ်လို့ စစ်တပ်ဝါဒဖြန့်သူတွေ ဖြန့်နေ
အာဏာသိမ်းစစ်တပ်မှ လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုပြီး အပြင်းအထန်ထိုးစစ်ဆင်သည့် ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှ တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF အများအပြားကျဆုံးကြောင်း ပြန့်နှံ့လာခဲ့သည်။ စစ်တပ်ဝါဒဖြန့် အကောင့်များ၊ ဂရုများနှင့် ပေ့ချ်များမှ “လေးကေ့ကော်မြို့သစ် ထီးမယ်ဝါးခီးတိုက်ပွဲတွင် PDF (60)ဦးကျဆုံးပြီး အဖမ်းခံရတာတွေလည်းရှိသည်ဟု KNU သတင်းအရင်းအမြစ်က ဆိုပါသည်” ဟု သတင်းတုဖြန့်ဝေခဲ့သည်။ KNU ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာနှင့် ကရင်ပြည်နယ်မှ သတင်းများကို အဓိက ဖော်ပြပေးနေသည့် KIC- Kayin Information Center များ၏ စာမျက်နှာများတွင် ထိုကျဆုံးမှုနှင့်ပတ်သက်၍ တင်ဆက်ထားခြင်း မရှိခဲ့ပေ။
ဒီဇင်ဘာ၊ ၂၀ မှ ၂၃ အထိ စစ်ကောင်စီနှင့် KNLA တပ်တို့အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၉ဦးကျဆုံး၍ ၁၁ဦးဒဏ်ရာရရှိကြောင်းကို KIC မှ ဒီဇင်ဘာလ ၂၃ရက်နေ့တွင်ဖော်ပြထားသည်။ ဒီဇင်ဘာလ ၂၆ရက်နေ့ ကရင်ပြည်နယ်၊ မယ်ဝါးခီးကျေးရွာအနီးတိုက်ပွဲ၌ PDF သုံးဦးကျဆုံးပြီး ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံသူတချို့ရှိကြောင်းကို Irrawaddy- Burmese Edition မှဖော်ပြခဲ့သည်။ စစ်တပ်ဘက်မှ ယခုကဲ့သို့ ဝါဒဖြန့်သည့် သတင်းများကို မကြာခဏဖြန့်ဝေခဲ့မှုများရှိခဲ့သည်။ Link