ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင် (PDF- Myaing) က စီးနင်းသိမ်းပိုက်နိုင်ခဲ့တဲ့ လင်းကတော့ ရဲစခန်း ကို အာဏာသိမ်းစစ်တပ်ကနေ ပြန်လည်သိမ်းစီးနိုင်ခဲ့ရာမှာ PDF တွေ ရာကျော် သေဆုံးခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ ဖေ့ဘွတ်ခ်အကောင့်တွေမှာ ဖြန့်ဝေနေကြပါတယ်။
ဒီသတင်းကို Aung Naing Thu နံမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်ကနေ စတင်ဖြန့်ဝေခဲ့ပြီးတော့ မျိုးချစ်ဇာမဏီ ဆိုသူကို သတင်းရင်းမြစ်အဖြစ် ရည်ညွှန်းထားပါတယ်။ သတင်းထဲမှာဆိုရင် “လင်းကတော ရဲစခန်းကို PDF များလက်ကနေ ဗိုလ်ချုပ်မှုးကြီး Aung khine ဦးစီးပြီး ဒုဗိုလ်ချုပ်ကြီး ခေတ်ဘုန်းခ (ခခ လေး) ၏ ဦးဆောင် ထိုးစစ်ဖြင့် 30.1.2022 ညနေ ငါးနာရီတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ တိုက်ပွဲ ဖြစ်ချိန် ၄ နာရီခန့်ကြာမြင့်ပြီး PDF ဘက်မှ ၄၆၇ ယောက်ကျရှုံးပြီး တပ်မတော်ဘက်မှ စစ်သည်တချို့ ချွေးအနည်းငယ်သာ စို့ခဲ့ပါသည် တပ်မတော်သည် အချဉ်မဟုတ် အရေးတော်ပုံ အောင်ရမည် အောင်ရမည် အောင်ကိုအောင်ရမည် ပုံ #မျိုးချစ်ဇာမဏီ လို့ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးရာမှာတော့ ဘယ်လို အကိုးအကားမှ မပါပဲ သတင်းတု ဖန်တီးထားခြင်းသာဖြစ်တာကို တွေ့ခဲ့ရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ ဇန်နဝါရီ၊ ၂၉ က သတင်းရေးသားဖော်ပြခဲ့တဲ့ ခေတ်သစ်မီဒီယာရဲ့ တင်ဆက်မှုမှာဆိုရင် မြိုင် PDF နဲ့ ဆက်သွယ်မေးမြန်းထားပြီး မြိုင် PDF ရဲ့ ဖြေကြားမှုမှာဆိုရင်လည်း ဝင်ရောက် စီးနင်းအပြီးမှ အာဏာသိမ်းစစ်တပ်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် အထိအခိုက်မရှိပဲ နောက်ဆုတ်နိုင်ခဲ့တယ်လို့ ဖြေဆိုထားတာကို အောက်ကလင်ခ့်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
– https://www.facebook.com/385165108587508/posts/1412700265833982/
ဒါအပြင် ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသခံအမျိုးသမီးတဦးနဲ့ မြေလတ်အသံ – Mayelatt Athan သတင်းဌာနတို့အကြား အင်တာဗျူးဖြေဆို မေးမြန်းတင်ဆက်ထားတာကိုလည်း အောက်ကလင်ခ့်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
– https://fb.watch/aW9mSYCXLr/
သတင်းရင်းမြစ်အဖြစ်ပေးထားတဲ့ မျိုးချစ်ဇာမဏီဆိုသူမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်လို့ ဝါဒဖြန့်သတင်းတွေကို ဖြန့်ဝေနေဖြစ်တာကို တွေ့ရပါတယ်။
ဇန်နဝါရီ၊ ၂၉၊ ၂၀၂၂ နေ့မှာ မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက လင်းကတော့ရဲစခန်းကို မြိုင် PDF ကနေ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေနဲ့ ရဲစခန်းမိသားစုဝင်တွေကို ဖမ်းဆီးရမိခဲ့ပြီး မိသားစုဝင်တွေကို ပြည်သူနဲ့အတူ ရပ်တည်ရန်မှာကြားပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။