Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ကလေးမြို့မှ ကျောင်းဆရာမတစ်ဦး ​သေဆုံးခြင်းကို PDF လက်ချက်ဟု သတင်းတုဖြန့်နေ
နိုင်ငံရေး

စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ကလေးမြို့မှ ကျောင်းဆရာမတစ်ဦး ​သေဆုံးခြင်းကို PDF လက်ချက်ဟု သတင်းတုဖြန့်နေ

ချင်းပြည်နယ်၊ က​လေးမြို့က ​ကျောင်းဆရာမ တ​ယောက်ကို ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် – PDF အဖွဲ့ဝင်​တွေက ပစ်သတ်ခဲ့တာ​ကြောင့် ​သေဆုံးခဲ့တယ်လို့ သတင်းတု တခုပြန့်နှံ့နေပါတယ်။

သတင်းတုရဲ့ ရေးသားချက်မှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အလယ်တန်းကျောင်းဆရာမ ဒေါ်ရီရီခိုင် အသက် (၄၂) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ PDF အကြမ်းဖက်သမားတွေရဲ့ သေနတ်နှင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားတဲ့အကြောင်း ဒေသခံအရင်းအဖြစ်ထံက သိရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းကို Like & react ပြုလုပ်သူ ၇၃၇ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၉ ယောက်ရှိနေပါပြီ။ ဒီသတင်းကိုပဲ ထပ်ဆင့်ကူးယူဖော်ပြပြီး ဖြန့်​ဝေ​နေတဲ့ သူတွေလည်း အများအပြား ရှိနေပါတယ်။

ဒီသတင်းတုနဲ့ ပတ်သက်လို့ တွေးပြီးမှယုံက အချက်အလက်စစ်ဆေးလိုက်တဲ့အခါ

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ “ကလေးမြို့က ကျောင်းဆရာမ တစ်ဦး သေနတ်မှန် သေဆုံး” ဆိုပြီး RFA Burmese က အလယ်တန်းပြဆရာမ တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ ကလေးမြို့ဒေသခံ မျက်မြင်သက်သေအပါအဝင် သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းထားချက်တွေပါဝင်တဲ့ သတင်းကို ယခုလို တင်ဆက်ထားပါတယ်။

ဒါအပြင် ယုံကြည်ရတဲ့ မီဒီယာတစ်ခုဖြစ်တဲ့ Chin World ကနေလည်း အလားတူ “ကလေးမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်ကျောင်းဆရာမကို ဖေဖော်ဝါရီ ၂ရက်နေ့က သဂြိုလ်လိုက်ကြောင်း” လို့ ယခုလို သတင်းတင်ဆက်ထားပါတယ်။

အခြားလွတ်လပ်တဲ့ မီဒီယာတခုဖြစ်တဲ့ Myanmar Now ကလည်း ကလေးမြို့တွင် CDM ဆရာမတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးတဲ့အကြောင်း သတင်းဖော်ပြထားပြီး ပစ်ခတ်ခံရတဲ့နေရာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အကြောင်း ဆက်လက်ဖော်ပြထားမှုကိုလည်း ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

အထက်မှာ ​ဖော်ပြထားတဲ့ မီဒီယာ​တွေရဲ့ တင်ပြချက်တွေမှာ ပါဝင်တဲ့ ​မိသားစုဝင်​တွေနဲ့ ​ဒေသခံ​တွေရဲ့ ​ဖြေကြားချက်​တွေအရ အဆိုပါ အလယ်တန်းကျောင်းဆရာမကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ပစ်ခတ်လိုက်တဲ့အကြောင်း အတည်ပြုနိုင်ပါတယ်။

သတင်းတု ဖြန့်ဝေထားတဲ့ အကောင့်တွေကို ဝင်ရောက်လေ့လာကြည့်တဲ့အခါမှာလည်း စစ်တပ်ရဲ့ ဝါဒဖြန့် သတင်းတွေကိုသာ တစိုက်မတ်မတ် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ဒီလို စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို စစ်ကောင်စီထောက်ခံတဲ့ ဖေ့ဘုတ်အကောင့်နဲ့ ပေ့ချ်တွေက PDF တွေဆီ အပြစ်ပုံချပြီး ပုံဖျက်ထားတဲ့ သတင်းတုတွေ ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။
စစ်လော်ဘီအကောင့်တွေကနေ အမုန်းစကား၊ သတင်းတု/မှားများကို တင်လေ့ရှိပြီး ဝါဒဖြန့်သတင်းတွေနဲ့ PDF တွေကို အကြမ်းဖက်သမားများဖြစ်ကြောင်းကို ပုံဖော်ရေးသားတိုက်ခိုက်လေ့ရှိပါတယ်။

ဒါ့ကြောင့် သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းကို ဖတ်ရှုတဲ့အခါမှာ သတင်းရင်းမြစ်ကို စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် ယုံကြည်ရတဲ့ သတင်းဌာနတွေမှာလည်း သွားရောက်ဖတ်ရှုသင့်ပါတယ်။ သတင်းတုလို့ယူဆရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: