Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>အိုမီခရွှန်နဲ့ ပတ်သက်လို့ ​ဆောင်ရန်၊ ​ရှောင်ရန် ဆိုပြီး အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ အချက်အလက်မှားများပြန့်​နေ
ကျန်းမာရေးနှင့် ဘေးအန္တရာယ်COVID-19

အိုမီခရွှန်နဲ့ ပတ်သက်လို့ ​ဆောင်ရန်၊ ​ရှောင်ရန် ဆိုပြီး အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ အချက်အလက်မှားများပြန့်​နေ

ကူးစက်မှုနှုန်း သိသိသာသာမြင့်တက်လာတဲ့ အိုမီခရွှန်နဲ့ ပတ်သက်လို့ ​​ဆေးနည်းအမှား​တွေဟာ ​ဖေ့ဘွတ်ခ်မှာ တဟုန်ထိုးပြန့်နှံ့​နေပါတယ်။

ဒီသတင်းကို ​ဒေါက်တာသစ်လွင်ဆိုတဲ့ ရင်းမြစ်တခုကို ကိုးကား​ဖော်ပြထားတာဖြစ်ပြီး ​ဖြန့်​ဝေသူ​တွေထဲမှာ Ei Tone နာမည်နဲ့ အ​ကောင့်တခုဆီက​နေ ပြန်လည်ဖြန့်​ဝေသူ ၃၀၀၀ ​ကျော်ရှိသည်အထိ အများဆုံး​တွေ့ရပါတယ်။ အခုချိန်မှာတော့ ဖြန့်ဝေထားခဲ့တဲ့ Ei Tone နာမည်နဲ့ အ​ကောင့်က ပြန်လည်ဖြုတ်ချသွားခဲ့ပေမဲ့ ထပ်ဆင့်ကူးယူဖော်ပြသူအများအပြားရှိနေပါသေးတယ်။

ပြန့်နှံ့​နေတဲ့ သတင်းမှာဆိုရင် ငှက်သိုက်၊ ဖရဲသီး၊ သခွားသီး၊ အုန်းရည်၊ စွပ်ပြုတ် တို့ မစားရ က​နေစလို့ ၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ ​သောက်ပါ စသဖြင့်​ ညွှန်းထားပါတယ်။ ဒါ့အပြင် ဘယ်​လို​နေရထိုင်ရမယ်ဆိုတာ​တွေလည်း ဆက်လက်​ဖော်ပြထားပါ​သေးတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ​တွေးပြီးမှယုံက​နေ အချက်အလက်စစ်​ဆေးရာမှာတော့ လူ့အသက်အန္တရာယ်ကို ထိခိုက်​စေနိုင်တဲ့အထိ အချက်အလက်အမှား​တွေ​ကို ​တွေ့ခဲ့ပါတယ်။ သတင်းတုပါ ​​ဆောင်ရန်၊ ​ရှောင်ရန် အချက်အလက်​တွေနဲ့ ပတ်သက်လို့ အ​ရေးပါတဲ့ စကားလုံး​တွေကို ထုတ်နှုတ်ပြီး ရှာ​ဖွေခဲ့ရာမှာ ဒီလို လိုက်ပါကာကွယ်၊ ကုသရမယ်လို့ ဘယ် ကျန်းမာ​ရေးကဏ္ဍအဖွဲ့အစည်း၊ ကျွမ်းကျင်သူ တဦးတ​ယောက်ကမှ ညွှန်းထားတာကို မ​တွေ့ခဲ့ရပါဘူး။

ဒါအပြင် ​တွေးပြီးမှယုံအ​နေနဲ့ တက်ကြွလှုပ်ရှားသူ CDM ဆရာဝန်တဦးနဲ့ သတင်းတုပါအချက်အလက်​တွေကို မေးမြန်းခဲ့ရာမှာလည်း အချက်အလက်အမှားတွေနဲ့ သတင်းအမှားသာဖြစ်​တဲ့အကြောင်း၊ Vitamin D လို ​ဆေးဝါးများကို ၄ နာရီခြားတ​ခါ ​သုံးစွဲ​နေရင် ​ကျောက်ကပ်ပျက်ဆီးပြီး အသက်​သေဆုံးနိုင်တဲ့အ​ကြောင်း ပြန်လည်​ဖြေကြားခဲ့ပါတယ်။

COVID – 19 ရဲ့ ​ဗီဇ​ပြောင်း​ပိုးတမျိုးဖြစ်တဲ့ အိုမီခရွှန်(Omicron) ဟာ အခုရက်ပိုင်းထဲမှာ မြန်မာနိုင်ငံထဲကို ​ခြေလှမ်းစိတ်စိတ်နဲ့ ဝင်လာ​နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ အိုမီခရွှန်ဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်ကြမလဲ ဆိုတဲ့ တရားဝင် သတင်းမီဒီယာ​တွေ၊ ကျန်းမာ​ရေးဌာနတွေရဲ့ ​ဖော်ပြချက်​တွေကိုလည်း စုစည်း​ဖော်ပြ​ပေးလိုက်ပါတယ်။

UNICEF အဖွဲ့ရဲ့ အိုမီခရွှန်နဲ့ ပတ်သက်လို့ သတိထားဖွယ်ရာများ – https://www.unicef.org/coronavirus/what-we-know-about-omicron-variant

Mizzima သတင်းမီဒီယာမှ တင်ဆက်​​ပေးထားတဲ့ အိုမီခရွှန်ဆိုတဲ့ ​​​ရောဂါအ​ကြောင်း – https://fb.watch/b0oxeJyulr/

ကျန်းမာ​​ရေးဆိုင်ရာ သတင်း​တွေကို တင်ဆက်​ပေး​နေတဲ့ Happy Health Myanmar ရဲ့ အိုမီခရွှန်ကူးဆက်ခံရတဲ့ လက္ခဏာများ – https://fb.watch/b0oCbKSkNU/

ကျန်းမာ​ရေးနဲ့ ပတ်သက်လို့ သတင်းအမှား​တွေ၊ အချက်အလက်အလွဲ​တွေ ဖြန့်​ဝေတာ​တွေဟာ မြန်မာနိုင်ငံမှာ မကြာခဏ​တွေ့ရ​​လေ့ရှိပါတယ်။ ဥပမာ COVID – 19 စတင်ချိန်မှာလည်း ဒီလို အလားတူ သတင်း​တွေဟာ အင်တိုက်အားတိုက်ဆိုသလို ​ထွက်​ပေါ်ခဲ့ပါ​သေးတယ်။ ဒီလိုသတင်း​အချက်အလက်အမှား​တွေ​ကြောင့် အသက်အန္တရာယ် ထိခိုက်ခဲ့ရသူ​တွေလည်း ရှိခဲ့ပါတယ်။ ဒါ​ကြောင် ဒီလို သတင်း​တွေ ​တွေ့ရင် အလွယ်တကူ မယုံကြည်မိကြဖို့၊ ထပ်မံမဖြန့်​ဝေမိကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

%d bloggers like this: