Home>>Uncategorized>>ဇန်နဝါရီလအတွင်း‌ တွေ့ရှိရသည့် သတင်းတု/မှားများ စုစည်းဖော်ပြချက်
Uncategorized

ဇန်နဝါရီလအတွင်း‌ တွေ့ရှိရသည့် သတင်းတု/မှားများ စုစည်းဖော်ပြချက်

ဇန်နဝါရီလအတွင်း တွေးပြီးမှယုံမှ သတင်းတု/မှား ၆ ပုဒ်အား တုန့်ပြန်ဖြေရှင်းခဲ့သည်။ သတင်းတုများမှာ အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးရေးကို လမ်းကြောင်းသည့် သတင်းတု၊ ဖြစ်စဉ်နှင့် ဓါတ်ပုံတလွဲများကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုများအား ပုံဖျက်သည့် သတင်းတုများနှင့် အသံတိတ်သပိတ်လို အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုအား အင်အားလျော့နည်းရန်နှင့် ပျက်ပြယ်စေရန် ရည်ရွယ်သည့် သတင်းများကို တွေ့ရှိရသည်။ သတင်းတုအများစုကို အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဖေ့ဘွတ်ခ်အကောင့်၊ ဂရုများနှင့် ပေ့ချ်များမှ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အသံတိတ်သပိတ်အား အားလျော့စေရန် လှုံ့ဆော်မှုများသည် ယခင် အသံတိတ်သပိတ်ဖြစ်စဉ်မတိုင်ခင်တွင်လည်း အလားတူဖြန့်ဝေခဲ့ခြင်းရှိသည်။

တွေးပြီးမှယုံ အနေနှင့် ဖြေရှင်းမှုများ ပြုလုပ်ခဲ့သည့် သတင်းတုများရှိခဲ့သလို ပြန်လည်ချေပ ဖြေရှင်းမှု မလုပ်ခဲ့သည့် သတင်းတုများလည်းရှိခဲ့သည်။ စစ်ကိုင်းတိုင်း၊ ပုလဲနယ်တစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် မြန်မာတော်ဝင်နဂါးတပ်တော် (MYANMAR’S ROYAL DRAGON ARMY)  ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်နဂါး နှင့် ပတ်သက်၍ သတင်းတု/မှားများ ပေါ်ထွက်ခဲ့သည်။ ဇန်နဝါရီ ၁၀ တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာတွင် ဗိုလ်နဂါးရှိသည်ဆိုကာ စစ်တပ်ဘက်မှ ရဟတ်ယာဉ်များနှင့် ဝိုင်းဝန်းပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ဗိုလ်နဂါးကို ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။ ယင်းမှတဆင့် အာဏာသိမ်းစစ်တပ်သည် ဗိုလ်နဂါးအပေါ် မည်မျှကြောက်ရွံသည်ကို ဖော်ပြရန်အတွက် သရော်လှောင်ပြောင်သည့် သတင်းတုတချို့ထွက်ပေါ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်၏ မီဒီယာတစ်ခုဖြစ်သည့် မြဝတီရုပ်သံမှ နဂါးမောက်သီးအား တိုးနယားမောက်သီးဟု ပြောင်းလဲခေါ်ဆိုရန် နှင့် နဂါးရုံ ဘုရားများအား ဖျက်ဆီးရမည်ဟု လှောင်ပြောင်သရော်သည့် သတင်းတုထွက်ပေါ်ခဲ့ပြီး သက်ရောက်မှုကြီးကြီးမားမားမရှိသည့် အတွက် ပြန်လည်ချေပဖော်ပြမှုမပြုခဲ့ပေ။ 

ဇန်နဝါရီလအတွင်း ထူးခြားချက်တစ်ခုအနေဖြင့် FACT CHECK အမည်ရှိ Facebook Page တစ်ခုတွေ့ရှိခဲ့ရသည်။ ယင်း Page မှာ ဇန်နဝါရီ ၁၇၊ ၂၀၂၂ တွင် စတင်တည်ထောင်ခဲ့ပြီး လွတ်လပ်သည့် မီဒီယာများမှ စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းဖော်ပြမှုများကို ပစ်မှတ်ထား၍ ပြန်လည်ချေပဖော်ပြမှုများ ပြုလုပ်သည်။ အဓိကအားဖြင့် စစ်ကောင်စီဘက်မှ ကျဆုံးမှုများ နှင့် လူ့အခွင့်ရေးချိုးဖောက်သည့်သတင်းများကို အချက်အလက်တိကျခိုင်လုံမှုမရှိဘဲ ပြန်လည်ငြင်းဆိုချေပသည့် သတင်းများကိုသာ တစိုက်မတ်မတ်ဖြန့်ဝေခဲ့သည်။ ယင်း Page တွင် အသုံးပြုထားသည့် Logo မှာ သတင်းတု/မှားများ တိုက်ဖျက်သည့် သတင်းဌာနများ၏ ပုံသဏ္ဍာန်တူ တုပသုံးနှုန်းထားသည်။ 

ဇန်နဝါရီလဇန်နဝါရီလအတွင်း တွေးပြီးမှယုံမှ ပြန်လည်ဖြေရှင်းခဲ့သည့် သတင်းတုများ။ 

 

ဦးရည်မွန်နဲ့ အာဏာသိမ်းစစ်တပ် ချင်းမိုင် မှာ ​တွေ့ဆုံ​တယ်ဆိုတာ မဟုတ်လို့ ဦးရည်မွန်တုန့်ပြန် Link

ဇန်နဝါရီလအစောပိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ကာကွယ်ရေးဦးစီးချုပ် ဦးရည်မွန် နှင့် အာဏာသိမ်းစစ်တပ်တို့ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းတုပြန့်နှံ့ခဲ့သည်။ ထိုသတင်းကို Aung Naing Htwe အကောင့်မှ “ပထမဆုံးအကြိမ် အတိအကျ နှစ်သစ်ကူးလက်​ဆောင် သတင်း​ကောင်း၊ နှစ်သစ်မှာ ငြိမ်းချမ်းပါ​စေ၊ နစကနဲ့ NUG ချင်းမိုင်မှာ ညှိနှိုင်းကြပါတယ်ခင်ဗျာ” ဟုရေးသားကာ ဖြန့်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းမှာ ဦးရည်မွန်ထံမှ ကြားသိရပြီး အကယ်၍ သတင်းမှားခဲ့သည်ရှိသော် တရားစွဲဆိုနိုင်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ထိုသတင်းနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဦးစီးချုပ် ဦးရည်မွန်၏ လူမှုကွန်ရက်အကောင့်မှ ၎င်းကိုယ်တိုင် ချင်းမိုင်တွင် မရှိကြောင်းနှင့် စစ်ကောင်စီနှင့်လည်း တွေ့ဆုံဆွေးနွေးမည်မဟုတ်ဟု ရေးသားထားကာ သတင်းမှားဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

 

ဒေါက်တာဇော်ဝေစိုး အီတလီက နာမည်ကြီး စား​သောက်ဆိုင်မှာ စား​သောက်​နေတယ်ဆိုတဲ့ လုပ်ကြံ သတင်းဓါတ်ပုံ  Link

ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝဏ္ဏ အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်တစ်ခုမှ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၏ ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် လူပုဂ္ဂိုလ်အချို့ အီတလီနိုင်ငံရှိ စား​သောက်ဆိုင်တစ်ဆိုင်တွင် မှာယူစား​သောက်​နေသည်ဆိုသည့် သတင်းအား ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။ သတင်းတုတွင် အီတလီနိုင်ငံမှ စားသောက်ဆိုင်တွင် စားသောက်နေကြောင်း ရေးသားထားသည်။ သတင်းတုအား Like & React ပြုလုပ်သူ ၈၀၀၀ကျော်နှင့် ပြန်လည်မျှဝေသူပေါင်း ၂၀၀၀ကျော် ရှိခဲ့သည်။ 

သတင်းတုတွင်ပါသည့်ပုံအား စစ်ဆေးကြည့်ရာ ၂၀၁၆၊ ဩဂုတ်လ ၇ ရက်နေ့တွင် Rotary Club of Yangon အမည်ရှိသည့် ​ဖေ့ဘွတ်ခ် ​ပေ့ချ်မှ ဖြန့်ဝေထားခဲ့ခြင်းဖြစ်သည်။

 

ထိုင်းထီပေါက်တဲ့ မြန်မာလုပ်သားစုံတွဲကို AAC ကနေ အတင်းအဓမ္မ NUG ငွေတိုက်စာချုပ်ဝယ်ယူခိုင်းတယ်ဆိုတဲ့ သတင်းတု Link

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထိုင်အစိုးရထီ ပထမဆုဘတ် ၆သန်း ကို ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်း မြန်မာလုပ်သား ဇနီးမောင်နှံမှ ဆွတ်ခူးခဲ့သည်။ ထိုသတင်းတက်လာပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် “ထိုင်းထီပေါက်သော မြန်မာလုပ်သားစုံတွဲကို AAC မှ အတင်းအဓမ္မ NUG ငွေတိုက်စာချုပ်ဝယ်ယူခိုင်း” ကြောင်းသတင်းတုပြန့်နှံ့ခဲ့သည်။ ထိုသတင်းအား စစ်လော်ဘီအကောင့်များဖြစ်သည့် U Thone Dara, မေပျိူဖြူ, သုခ စသည့်အကောင့်များမှတင်ခဲ့သည်။ 

ထိုသတင်းနှင့်ပတ်သက်ပြီး ပြည်တွင်းရှိယုံကြည်ရသည့် မီဒီယာတစ်ခုဖြစ်သော DVB TV News မှ ဇန်နဝါရီလ ၁၉ရက်နေ့တွင် ထိုင်းထီပထမဆုပေါက်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံမှ ဒေါ်လာ ၁၀၀၀ ကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ရံပုံငွေအတွက် ငွေတိုက်စာချုပ်ဝယ်ပြီး Aid Aillance Committee for Myanmar Workers (AAC) ထိုင်းရောက်ရွှေမြန်မာများအတွက် လက်တွဲကူညီရေး အဖွဲ့၏ အထွေထွေအသုံးစရိတ်အတွက် ဘတ် ၅၀၀၀၀ လှူဒါန်းကြောင်းသတင်းရေးသားဖော်ပြခဲ့သည်။ ထို့အပြင် AAC ၏ အထွေထွေတာဝန်ခံနှင့် သတင်းပြန်ကြားရေး ကိုရဲမင်း ၏ဖေ့ဘွတ်ခ်အကောင့်မှ “ထိုင်းရောက် MOU လုပ်သားဇနီးမောင်နှံ ထိုင်းထီပထမဆု ဘတ်(6)သန်းဆု ကံထူးရှင်ဖြစ်ခဲ့ကြောင်းနှင့် ဆုငွေထုတ်ပေးခဲ့သော AAC အဖွဲ့ထံ တော်လှန်ရေးအတွက် ဘတ်ငါးသောင်း ပြန်လည်လှူပေးခဲ့”ကြောင်းရေးသားတင်ပြထားသည်။

 

NUG အစိုးရထံသို့ Total နဲ့ Chevron ကုမ္ပဏီတို့မှ  ​ငွေများလွှဲ​ပြောင်း​ပေးမည်ဖြစ်ကြောင်း ​ကြေငြာချက်ထုတ် ဟု သတင်းတုဖြန့်​  Link

မြန်မာနိုင်ငံမှထွက်ခွာတော့မည့် စွမ်းအင်ကုမ္ပဏီ ၂ ခု ဖြစ်သည့် Total နှင့် Chevron တို့မှ ၎င်းတို့၏ငွေစာရင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံလွှဲပြောင်းပေးမည်ဆိုသည့် သတင်းတုပြန့်နှံ့ခဲ့သည်။ ၎င်းကုမ္ပဏီ ၂ ခုမှာ မြန်မာနိုင်ငံတွင်းမှ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အခြေအနေများကြောင့် နိုင်ငံတွင်းမှထွက်ခွာတော့မည်ဟုဆိုထားသည်။ ထိုသတင်းအား Shwe Naing Ngan, Sai Lian စသည့် အ​ကောင့်​များမှ စတင်ဖြန့်​ဝေခဲ့ပြီး သတင်းတုတွင် “NUG အစိုးရ ​​ငွေစာရင်းသို့ ​ငွေများလွှဲ​ပြောင်း​ပေးအပ်သွားမည်ဖြစ်​ကြောင်း Total နှင့် Chevron ကုမ္ပဏီများ မှ ​ကြေငြာချက်ထုတ်ပြီ” ဟုရေးသားထားကာ ထပ်ဆင့်ကူးယူ​ဖော်ပြသူ အများအပြားရှိ​ခဲ့သည်။

ထိုသတင်းနှင့် ပတ်သက်၍ Chevron နဲ့ Total ကုမ္ပဏီများ၏ ဝက်ဘ်ဆိုက်​များတွင် ယခုကဲ့သို့ ကြေငြာထားခြင်းမရှိပါ။ Total နှင့် Chevron ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ရပ်ဆိုင်းရန်ရည်ရွယ်သည့်ကြေညာချက်အပေါ်  NUG အစိုးရမှ သုံးသပ်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး စွမ်းအင်ကုမ္ပဏီနှစ်ခုမှ NUG အစိုးရအား ​အခွန်အခ​များ ​ပေးအပ်မည်ဟု ​ကြေငြာချက် ထုတ်ပြန်တာမျိုးမရှိသေးပါ။

 

ဝ တပ်ဖွဲ့ဆီကနေ လက်နက်တွေခိုးယူသွားတဲ့ PDF တွေ ကို ဖမ်းမိတယ်လို့ ပုံအမှားသုံးပြီး သတင်းတုဖြန့်  Link

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့ဝင်များမှ နွေဦးတော်လှန်ရေးအတွက် လက်နက်များခိုးယူသွားသည့် သတင်းတုတစ်ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြန့်နှံ့ခဲ့သည်။ သတင်းတုအား သူရိယနေဝန်းအမည်ရှိ ဖေ့ဘွတ်ခ်အကောင့်မှ ဖြန့်ဝေခဲ့ပြီး #minchitoo ဟု ပြန်လည်ညွှန်းဆိုထားသည်။

သတင်းတုတွင်အသုံးပြုထားသည့် ဓါတ်ပုံသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအနီး ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) အဖွဲ့ထံမှ ဖမ်းဆီးခံခဲ့ရသည့် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ဝင်များ၏ ပုံသာဖြစ်သည်။

 

အသံတိတ်သပိတ် အားလျော့ရန် ကြေငြာချက်အတုများဖြင့် ရက်ရွှေ့ကြောင်း ဖြန့်ဝေမှု  Link

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်သည့် အသံတိတ်သပိတ် (Silent Strike) ပြုလုပ်မည်ကို တော်လှန်ရေးအင်အားစုများ ကြေညာပြီးနောက်တွင် စစ်လော်ဘီအကောင့်များမှ သတင်းတု/မှားများဖြင့် နှောင့်ယှက်ဟန့်တားခြင်းများပြုလုပ်လာကြသည်။ “ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့်အသံတိတ်သပိတ် (Silent Strike) ကို ရက်ရွှေ့ပြောင်းပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနမှ စာထုတ်ပြန်ကြောင်း” ကြေညာချက်အတု ၂ စောင်ထွက်ခဲ့သည်။ 

ယင်းကြေညာချက်နှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ဖေ့ဘွတ်ခ် ပေ့ချ်တွင် တရားဝင်ထုတ်ပြန်ထားခြင်း မရှိပေ။ CRPH ၏ ကြေငြာချက်များတွင် မေလ်းလိပ်စာ ကိုကြေငြာချက်၏အလယ်တည့်တည့်တွင် ရေးလေ့ရှိပြီး ကြေငြာချက်အတုတွင် ဘေးဘက်၌ ရေးသားထားပြီး မေလ်းလိပ်စာမှာလည်း မှားယွင်းနေသည်။ စစ်လော်ဘီများမှ ယခုကဲ့သို့သတင်းတုများကိုဖြန့်ဝေလေ့ရှိရာ ယခင်ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ပြုလုပ်မည့် အသံတိတ်သပိတ် မတိုင်ခင်ရက်များတွင်လည်း ယခုကဲ့သို့ သတင်းတုများဖြင့် ဖြန့်ဝေခြင်းများရှိခဲ့သည်။

 

%d bloggers like this: