အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတပ်တွေရဲ့ စခန်း ရှင်းလင်းခံရတဲ့ ဗွီဒီယိုဖိုင်ကို တင်ပြီး ပုလဲမြို့နယ်က ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကနေ မီးရှို့ဖျက်ဆီးနေတယ်ဆိုပြီး လုပ်ကြံသတင်းတု တခု ပြန့်နှံ့နေပါတယ်။
ဖေဖော်ဝါရီ၊ ၁၆ မှာ Nayye Linnoo အမည်ရှိတဲ့ အကောင့်တခုက “ ပုလဲမြို့နယ်တွင် အကြမ်းဖက် PDF များမှ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူများအားသတ်ဖြတ်ခဲ့ပြီး အိမ်များကို မီူရှို့ခဲ့သည့်ရုပ်သံ” ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ဒီ ဗွီဒီယိုဖိုင်ကို ကြည့်ရှုသူပေါင်း ၁၃၀၀ ကျော်၊ Like & react ပြုလုပ်သူ ၁၇၈ ယောက်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၇၄ ယောက် ရှိနေပြီဖြစ်ပါတယ်။
ဒီသတင်းဗွီဒီယိုဖိုင်ကို တွေးပြီးမှယုံကနေ စစ်ဆေးကြည့်ရာမှာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်စခန်းဝင် ဝင်ရောက်သိမ်းပိုက်ထားတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒီသတင်းကို လွတ်လပ်တဲ့ မီဒီယာဖြစ်တဲ့ The Irrawaddy Burmeseက ဖေဖော်ဝါရီ ၁၅ရက်နေ့မှာတင်ဆက်ပေးထားတာကို ဒီအောက်မှာသွားရောက်ကြည့်ရှုလို့ရပါတယ်။
– https://fb.watch/bdHRpIWUzS/
ဒါ့အပြင် မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA ရဲ့ တရားဝင် ဖေ့ဘွခ်ပေ့ချ် ကနေလည်း ဖေဖော်ဝါရီ၊ ၁၅ က ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပျူစောထီးတွေရှိတဲ့ အခြေစိုက် စခန်းတခုကို ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားတာကို အောက်ကလင့်ခ်မှာသွားရောက် ဖတ်ရှု့နိုင်ပါတယ်။
– https://www.facebook.com/permalink.php?story_fbid=125340510028899&id=105717961991154
ဒါ့ကြောင့် သတင်းတုမှာရေးသားထားတဲ့ အချက်အလက်တွေဟာ လုပ်ကြံရေးသားထားတာတွေပဲဖြစ်ပါတယ်။ သတင်းတုတင်ထားတဲ့ Nayye Linnoo ဆိုတဲ့အကောင့်ကို ဝင်ရောက်စစ်ဆေးရာမှာလည်း စစ်တပ်ထောက်ခံတဲ့ ပိုစ့်တွေနဲ့ သတင်းတု/မှားတွေကိုသာ အစဉ်တစိုက်ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် စာဖတ်သူတွေအနေနဲ့ သတင်းဖတ်ရှုတော့မယ်ဆိုရင် သတင်းအရင်းမြစ်ကို သတိထားသင့်ပါတယ်။ သတင်းအရင်းအမြစ်ခိုင်လုံမှုရှိမရှိကိုစစ်ဆေးပြီး သတင်းမှာပါတဲ့ အကြောင်းအရာတွေကို လွတ်လပ်တဲ့မီဒီယာတွေမှာ သွားရောက်စစ်ဆေးဖို့လိုပါတယ်။ သတင်းစစ်ဆေးဖို့ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။