ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဓါတ်ပုံချင်း ထပ်တူပြုစစ်ဆေးတဲ့ Google Image Search အသုံးပြုပြီး အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မူရင်းဓါတ်ပုံများကို ပြန်လည် ပြုပြင်ဖန်တီးထားတဲ့ ပုံတွေသာ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ Save Ukraine, Save Myanmar စာသားပါ မူရင်းဓါတ်ပုံအမှန်မှာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ၊ ၃ ရက်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ငြင်းဆန်တဲ့ ဆန္ဒပြသူတွေဟာ ယူကရိန်းနိုင်ငံရဲ့ မြို့တော်မှာ လမ်းပိတ်ဆန္ဒပြခဲ့စဥ်က ပုံသာဖြစ်ပါတယ်။ ဒီလင့်ခ် မှာသွားရောက်ကြည့်ရှု့နိုင်ပါတယ်။
ယူကရိန်းပြည်သူတွေဟာ ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှား အစိုးရကို ဆန္ဒပြရင်း မြန်မာနိုင်ငံကိုလည်း ကူညီပေးဖို့ရာ လှုံ့ဆော်ခဲ့ကြတယ်ဆိုတဲ့ ဖန်တီးပြုပြင်ထားတဲ့ ပုံတွေဟာ ပြန့်နှံ့နေပါတယ်။ဒီပုံတွေကို ဒီနေ့(၂၈.၂.၂၀၂၂)မှာ Mother Su Fan ဆိုတဲ့ ပေ့ချ်ကနေ ဖြန့်ဝေလာတာ တွေ့ရပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၆ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ ဒါအပြင့် ဒီပုံတွေကိုပဲ ထပ်ဆင့်ကူးယူဖော်ပြသူတွေလည်း အများအပြား ရှိနေပါတယ်။ ဖြန့်ဝေလာတဲ့ သတင်းဓါတ်ပုံတွေမှာဆိုရင် “Save Ukraine, Save Myanamr” “We pray again for Myanmar, which has supported Ukraine” စသဖြင့် စာသားတွေ ကိုင်ဆောင် ဆန္ဒပြနေတဲ့ ပုံတွေနဲ့အတူ မြန်မာ၊ ယူကရိန်း၊ အဂ်လိပ်လို ရေးသားထားတဲ့ စာညွှန်းတွေလည်း ပါဝင်ပါတယ်။
အမျိုးသမီးတဦးကနေ “We pray again for Myanmar, which has supported Ukraine” စာသားပုံပုံမှာလည်း ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၁၃ ရက်နေ့က ယူကရိန်းနိုင်ငံ ရဲ့ မြို့တော်ကိရက်ဗ်မှာ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ လှုပ်ရှားမှုမှ ဓါတ်ပုံသာဖြစ်ပါတယ်။ ဒီလင့်ခ် မှာသွားရောက်ဖတ်ရှု့နိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ရှိ ဥရောပသမဂ္ဂသံရုံးကနေ ယူကရိန်းနဲ့ မြန်မာနိုင်ငံကပြည်သူတွေနဲ့ အတူ တသားတည်း ရှိနေတယ်လို့ ဖော်ပြတဲ့ လှုပ်ရှားမှုကိုတော့ ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှု့လို့ရပါတယ်။
အခြားဖြစ်စဥ်များမှ ဓါတ်ပုံတွေကို ပြန်လည်အသုံးပြုပြီး လိုအပ်သလို ပုံဖော်ဖြန့်ဝေတာတွေဟာ မကြာခဏဆိုသလိုတွေ့ရတတ်ပါတယ်။ ဒီလို သတင်းဓါတ်ပုံအမှားတွေ ပြန့်နှံ့နေခြင်းဟာ သတင်းမှန်စီးဆင်းမှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် ဒီလို သတင်းဓါတ်ပုံတွေ တွေ့ရင် Google Image Search လို နေရာမှာ လွယ်လင့်တကူကိုယ်တိုင် စစ်ဆေး အတည်ပြုနိုင်ပါတယ်။ တစုံတရာ အခက်အခဲရှိရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။