Home>>ပညာပေး>>ဖေဖော်ဝါရီလအတွင်း တွေ့ရှိခဲ့ရသော သတင်းတု/မှားများ
ပညာပေး

ဖေဖော်ဝါရီလအတွင်း တွေ့ရှိခဲ့ရသော သတင်းတု/မှားများ

ဖေဖော်ဝါရီလတွင် သတင်းတု/မှားများ အများအပြားထွက်ပေါ်ခဲ့ပြီး အတည်ပြုရန်ခက်ခဲသည့် သတင်းတု/မှားများ ယခင်လများထက် ပိုမိုတွေ့ရှိခဲ့ရသည်။ ယင်းသတင်းများထဲမှ အများစုမှာ လူစိတ်ဝင်စားမှုများသည့် ဖြစ်စဉ်များ၊ အခြေအနေများအပေါ် မူတည်၍ ထွက်ပေါ်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် တချို့သော သတင်းမှားများမှာ ပျံ့နှံ့မှုအင်အား နည်းပါးပြီး လူအဖွဲ့အစည်းသဟဇာတ ဖြစ်မှုအပေါ် သက်ရောက်မှု နည်းပါးသဖြင့် ပြန်လည်ဖြေရှင်းခဲ့ခြင်းမရှိသလို တချို့သတင်းများမှာ အတည်ပြုရန်အခက်အခဲများ ရှိခဲ့သောကြောင့် မဖြေရှင်းနိုင်ခဲ့ပေ။

တွေ့ရှိရသည့် သတင်းမှားများတွင် အကြမ်းဖက်စစ်တပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF များအား အကြမ်းဖက်သမားများအဖြစ် ပုံဖျက်ရန် ရည်ရွယ်တိုက်ခိုက်မှုများရှိခဲ့သလို ခုခံတော်လှန်သူ အင်အားစုများကြားတွင်လည်း မျှော်လင့်ချက်အမှားများကို အခြေခံသည့် သတင်းဓါတ်ပုံအလွဲများ၊ ဗွီဒီယိုဖိုင်အမှားများကို ပြန်လည်ဖြန့်ဝေခြင်းများ ရှိခဲ့သည်။ ဖေဖော်ဝါရီလ၏ သတင်းတုပြန့်နှံ့မှုနှင့် ပတ်သက်၍ ထူးခြားချက်တခုမှာ နိုင်ငံတော်အဆင့် ဖြန့်ဝေမှုများရှိခဲ့ပြီး တရားဝင်သတင်းမီဒီယာတချို့မှလည်း ဖြန့်ဝေမှုများ ရှိခဲ့သည်ကို တွေ့ရသည်။ အာဏာသိမ်းရန်ကြိုးပမ်းစ ကာလကပင် ဖမ်းဆီးခံထားရသည့် စီးပွားရေးအကြံပေးအဖြစ်တာဝန်ယူထားသည့် သြစတေးလျနိုင်ငံသား ရှောင်တာနယ်သည် ပြန်လည် လွတ်မြောက်ဟု ကမ္ဘောဒီးယားနိုင်ငံမှ တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ တရားဝင်သတင်းဌာနများမှလည်း ထပ်ဆင့် ကူးယူဖော်ပြခဲ့ခြင်းများ အများအပြားရှိခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရ ဗိုလ်ဇော်မင်းထွန်းမှ မမှန်ကန်ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

 

ဖေဖော်ဝါရီလတွင် တွေးပြီးမှယုံ မှ ပြန်လည်ဖြေရှင်းခဲ့သော သတင်းတု/မှားများ။ 

 

၁။ လင်းက​တော့ ရဲစခန်းကို အာဏာသိမ်းစစ်တပ်မှ ပြန်သိမ်းခဲ့ရာ PDF အဖွဲ့ဝင် ရာဂဏန်း ​သေဆုံးဟု ဆိုသည့် ​သတင်းတု

စစ်တပ်ထောက်ခံသည့် ဖေ့ဘွတ်ခ်အကောင့်များမှ လင်းကတော့ ရဲစခန်းကို အာဏာသိမ်းစစ်တပ်မှ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့်  PDF များ ရာကျော်သေဆုံးကြောင်း သတင်းတုအားဖြန့်ဝေခဲ့သည်။ ထိုသတင်းအား Aung Naing Thu အမည်ရှိ ​ဖေ့ဘွတ်ခ်အ​ကောင့်မှ စတင်ဖြန့်​ဝေခဲ့ပြီး​ မျိုးချစ်ဇာမဏီ ဆိုသူအား သတင်းရင်းမြစ်အဖြစ် ရည်ညွှန်းထားသည်။ သတင်းမှာ အကိုးအကားမပါသည့် သတင်းတုဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ ထို့အပြင် ဇန်နဝါရီ၊ ၂၉တွင် ခေတ်သစ်မီဒီယာမှ လင်းကတော့ ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည့် မြိုင် PDF နှင့် ဆက်သွယ်မေးမြန်းမှုတွင် ၎င်းတို့ဝင်ရောက်စီးနင်းပြီးချိန်၌ စစ်တပ်ဘက်မှ စစ်ကြောင်းထိုးမှုရှိသော်လည်း PDF ဘက်မှ အထိအခိုက်မရှိကြောင်း ဖြေကြားမှုကိုတွေ့ရသည်။

စစ်တပ်ထောက်ခံသူများ၏ သတင်းဖြန့်ဝေမှုများသည် ယင်းတို့ဘက်မှ အကျအဆုံးများသည့် တိုက်ပွဲများ၊ ဖြစ်စဉ်များတွင် ယခုကဲ့သို့ သတင်းများနှင့် ပြန်လည်တုန့်ပြန်လေ့ရှိသည်။ သတင်းတုတွင် PDF များမှ ကျဆုံးဦးရေ ဖော်ပြရာတွင်လည်း ၄၇၆ ဦးကျဆုံးပြီး တပ်မတော်မှ ချွေးစို့ရုံသာဖြစ် ဟု ဖြစ်နိုင်ချေအလွန်နည်းပါးသည့် ကိန်းဂဏန်းတခုအား အသုံးပြု၍ ဖော်ပြထားခဲ့သော်လည်း ယုံကြည်မျှဝေသူ အများအပြားရှိခဲ့သည်ကိုတွေ့ရသည်။ မျိုးချစ်ဇာမဏီဆိုသည့် သတင်းရင်းမြစ်အား ဝင်ရောက်ကြည့်ရှု့သည့်အခါတွင်လည်း စစ်တပ်နှင့်ပတ်သက်သည့် ဝါဒဖြန့်သတင်းများကိုသာ တစ်စိုက်မတ်မတ်ဖြန့်ဝေထားကြောင်း တွေ့ရှိရသည်။  Link 

 

၂။ စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှု​ကြောင့် ကလေးမြို့မှ ကျောင်းဆရာမတစ်ဦး ​သေဆုံးခဲ့ခြင်းအပေါ် PDF လက်ချက်ဟု သတင်းတုဖြန့်

ဖေဖော်ဝါရီ၊ ၁ တွင် စစ်တပ်ထောက်ခံသည့်အကောင့်များမှ ချင်းပြည်နယ်၊ ကလေးမြို့ရှိ ကျောင်းဆရာမတစ်ဦးအား PDF များမှ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးရကြောင်း သတင်းတုတင်ထားသည်။ ထိုသတင်းအား Like & react ပြုလုပ်သူ ၇၃၇ ယောက်နှင့် ပြန်လည်မျှဝေသူပေါင်း ၁၇၉ ယောက်ရှိခဲ့သည်။ သတင်းတုအား ထပ်ဆင့်ကူးယူဖော်ပြပြီး ဖြန့်​ဝေ​သူများလည်း အများအပြားရှိခဲ့သည်။ 

ထိုသတင်း၏ ဖြစ်စဉ်အမှန်မှာ “ကလေးမြို့က ကျောင်းဆရာမ တစ်ဦး သေနတ်မှန် သေဆုံး” ဆိုပြီး အလယ်တန်းပြဆရာမ တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ကလေးမြို့ဒေသခံ မျက်မြင်သက်သေအပါအဝင် သေဆုံးသူ၏ မိသားစုဝင်များနှင့် ဆက်သွယ်မေးမြန်းထားမှုအား RFA Burmese မှတင်ဆက်ထားကြောင်း တွေ့ရသည်။ ထို့အပြင် ယုံကြည်ရသည့် မီဒီယာတစ်ခုဖြစ်သည့် Chin World Media မှလည်း “ကလေးမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်ကျောင်းဆရာမကို ဖေဖော်ဝါရီ ၂ရက်နေ့က သဂြိုလ်လိုက်ကြောင်း” ရေးသားဖော်ပြခဲ့သည်။ ထို့ကြောင့် သတင်းတုတွင် ရေးသားသည့် PDF များမှ ကျောင်းဆရာမအားသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သည့် သတင်းမှာ သတင်းအမှားသာဖြစ်သည်။

ထိုဖြစ်စဉ်ကို ကြည့်ရှုလျှင် စစ်တပ်ထောက်ခံသည့်အကောင့်များမှ ၎င်းတို့၏ အကြမ်းဖက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန် ကြိုးစားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF များအပေါ်  အမှန်တကယ်ဖြစ်ခဲ့သည့် ဖြစ်စဉ်တစ်ခုအား အသုံးချ၍  အထင်မြင် လွဲမှားအောင် သတင်းတုဖြန့်ဝေထားသည်။ Link

 

၃။ အိုမီခရွှန်နဲ့ ပတ်သက်၍ ​ဆောင်ရန်၊ ​ရှောင်ရန် ဆိုသည့် အသက်အန္တရာယ်ပါထိခိုက်နိုင်သည့် အချက်အလက်မှားများပြန့်​နေ

ဖေဖော်ဝါရီလ ပထမပတ်တွင် အိုမီခရွှန်(Omicron) ကူးစက်မှုနှုန်း သိသိသာသာမြင့်တက်ခဲ့ချိန်တွင် အိုမီခရွှန်(Omicron) ပတ်သက်သည့် ဆေးနည်းအမှားများ တဟုန်ထိုးပြန့်နှံ့ခဲ့သည်။ သတင်းတုအား Ei Tone အမည်ရှိ ဖေ့ဘွတ်ခ် သုံးစွဲသူ အကောင့်တစ်ခုမှ ဖြန့်ဝေခဲ့ပြီး ဒေါက်တာသစ်လွင်ဆိုသည့် ရင်းမြစ်အား ကိုးကားဖော်ပြခဲ့သည်။ သတင်းတုအား ပြန်လည်ဖြန့်ဝေသူ ၃၀၀၀ ကျော်ရှိခဲ့သည်။ သတင်းတုတွင် “ ငှက်သိုက်၊ ဖရဲသီး၊ သခွားသီး၊ အုန်းရည်၊ စွပ်ပြုတ် တို့ မစားရ က​နေစလို့ ၄ နာရီတိုင်း ဗိုက်တာမင်ဒီ ၂၀၀၀ ​သောက်ပါ စသဖြင့်​ ညွှန်းထားသည်။ ထို့အပြင် မည်သို့ မည်ပုံနေထိုင်ရမည်ဆိုသည့်” အချက်အလက်များကို ဆက်လက်​ဖော်ပြထားသည်။

သတင်းတုတွင်ပါသည့် အချက်အလက်များမှာ လူ့အသက်အန္တရာယ်အား ထိခိုက်စေနိုင်သည့် အချက်အလက်အမှားများဖြစ်ပြီး ယင်းအချက်အလက်များကို မည်သည့် ကျန်းမာရေးကဏ္ဍ အဖွဲ့အစည်းမှ ညွှန်းဆိုထားခြင်းမျိုးမရှိခဲ့ပါ။ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ယင်းသို့ သတင်းများအား စစ်ဆေးအတည်ပြုချိန်တွင် အိုမီခရွှန်နှင့် ပတ်သက်၍ ကျန်းမာရေးကဏ္ဍအသီးသီး၏ သတင်းထုတ်ပြန်ချက်များ၊ ညွှန်ကြားချက်များနှင့် တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆေးပညာဆိုင်ရာကျွမ်းကျင်သည့် ပညာရှင်တချို့နှင့်ပါ မေးမြန်းအတည်ပြုခဲ့ခြင်းဖြစ်သည်။ သတင်းတုပြန့်နှံ့သည့်အချိန်သည် မြန်မာနိုင်ငံတွင် အိုမီခရွှန် ကူးစက်မှုနှုန်းများနေသည့်အချိန်ဖြစ်ပြီး လူအများစိုးရိမ်နေကြသည့် ကာလလည်းဖြစ်သည်။ အဆိုပါကဲ့သို့ စိုးရိမ်ဖွယ်ရာ အခြေအနေများ၊ လူစိတ်ဝင်စားမှုများသည့် ကိစ္စရပ်များကို အသုံးချ၍ သတင်းတုဖြန့်ဝေမှုများသည် မကြာခဏတွေ့ရလေ့ရှိပြီး စိုးရိမ်ပူပန်မှုနှင့် လူစိတ်ဝင်စားမှုများအလိုက် ပြန့်နှံ့မှု အင်အားကြီးမားသည်။ ပြန်လည်ကူးယူဖော်ပြသူများ၏ အများစုတွင် Online အခြေပြု ရောင်းဝယ်ဖောက်ကားသူများအား တွေ့ရပြီး ရောင်းဝယ်ဖောက်ကားသူများမှာမူ ယင်းတို့၏ ပိုစ့်များ၊ ပေ့ချ်များ၊ အကောင့်များ လူအများအပြားထံ ရောက်ရှိရန် ရည်ရွယ်ကြသည်ဟု ယူဆနိုင်သည်။  Link

 

၄။ စစ်ကိုင်းတွင် ပျက်ကျသွားသည့် စစ်တပ်တိုက်လေယာဉ်ပုံအလွဲပြန့်

ဖေ​ဖော်ဝါရီ၊ ၁၆ တွင် စစ်ကိုင်းတိုင်း၊ အုန်း​တော​ကျေးရွာအနီး ​ရေမြက်ကြီးအင်းထဲ၌ အာဏာသိမ်းစစ်တပ်၏ တိုက်​လေယာဥ်တစီး ပျက်ကျခဲ့ပြီး ​လေယာဥ်မှူး​သေဆုံးခဲ့ကြောင်း လွတ်လပ်သည့် မီဒီယာ​များနှင့်  အာဏာသိမ်းစစ်တပ်မှ ဖော်ပြခဲ့သည်။ ထိုသတင်းတက်လာပြီးနောက် မရှေးမနှောင်းတွင် ပျက်ကျခဲ့သည့် လေယာဉ်၏ အမြီးပိုင်းနံပါတ် ၁၆၄၈ဆိုသည့် ပုံနှင့်အတူ စစ်ကိုင်းတိုင်းတိုင်း၊ အုံးတောရွာ၊ ရေမြက်ကြီးအင်းအနီးပျက်ကျခဲ့သည့် စကစ တိုက်လေယာဉ်ဆိုပြီး သတင်းဓာတ်ပုံတင်ထားခဲ့သည်။ သတင်းမှာ Like & react ပြုလုပ်သူ ၁၀၀၀ကျော်ရှိပြီး ပြန်လည်မျှဝေသူပေါင်း ၁၅၂ယောက်ရှိခဲ့သည်။ 

သတင်းမှာပါသည့် သတင်းဓာတ်ပုံမှာ ၂၀၁၈၊ ဧပြီ၊ ၃ တွင် တောင်ငူလေတပ် စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေသည့် ဖက်ဖ်-၇ လေယာဉ်တစ်စီး ပျက်ကျတုန်းကပုံကို ယူသုံးထားခြင်းဖြစ်သည်။ ယင်းသို့ သတင်းဖြစ်စဉ်အမှန်များနှင့် ဓါတ်ပုံ၊ ဗွီဒီယိုဖိုင် အလွဲများကို အသုံးပြု၍ ဖြန့်ဝေမှုများမှာ မကြာခဏဆိုသလို တွေ့ရပြီး သက်ရောက်မှု ကြီးကြီးမားမားမရှိသည့်တိုင် သတင်းအချက်အလက် အမှားများမှာ ပြန့်နှံ့ခဲ့ပြီး သတင်းမှန်တန်ဖိုးကို ကျဆင်းစေသည်။  Link

၅။ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို PDF များဝင်ပြီး အိမ်များကိုမီးရှို့ခဲ့ကြောင်း လုပ်ကြံဖြန့်ဝေထားသည့် သတင်းတု

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးတပ်များ၏စခန်း ရှင်းလင်းခံရသည့် Video file မှာ လူမှုကွန်ရက်ပေါ်သို့ ပြန့်လာပြီးနောက်တွင် ပုလဲမြို့နယ်ရှိ ကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ် – PDF များမှ မီးရှို့ဖျက်ဆီးနေသည်ဆိုပြီး လုပ်ကြံသတင်းတုပြန့်နှံ့ခဲ့သည်။ သတင်းတုအား Nayye Linnoo အမည်ရှိသည့် အကောင့်တစ်ခုမှတင်ထားပြီး “ပုလဲမြို့နယ်တွင် အကြမ်းဖက် PDF များမှ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူများအားသတ်ဖြတ်ခဲ့ပြီး အိမ်များကို မီးရှို့ခဲ့သည့်ရုပ်သံ” ဆို၍ တင်ထားသည်။။ ထိုဗွီဒီယိုဖိုင်အား ကြည့်ရှုသူပေါင်း ၁၃၀၀ ကျော်၊ Like & react ပြုလုပ်သူ ၁၇၈ ယောက်နှင့်  ပြန်လည်မျှဝေသူပေါင်း ၁၇၄ ယောက်ရှိခဲ့သည်။ 

ထိုဗွီဒီယိုဖိုင်နှင့် သတင်းအား အချက်အလက်စစ်ဆေးခဲ့ရာတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအနီးရှိ စစ်ကောင်စီနှင့် ပျူစောထီးတပ်စခန်း များကို  ဝင်ရောက်သိမ်းပိုက်ထားသည့် Video File တစ်ခုသာဖြစ်နေကြောင်းကို ဖေဖော်ဝါရီ၊ ၁၅ရက်နေ့တွင် လွတ်လပ်သည့် မီဒီယာဖြစ်သော The Irrawaddy Burmese မှတင်ဆက်ထားချက်အရ တွေ့ရှိခဲ့ရသည်။ ထို့အပြင် မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA ၏တရားဝင် ​ဖေ့ဘွခ်​ပေ့ချ် မှလည်း ဖေဖော်ဝါရီ၊ ၁၅ တွင် ပုလဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့်  ပျူစောထီးများရှိသည့် အခြေစိုက် စခန်းတခုအား ဝင်ရောက်သိမ်းဆည်းနိုင်ခဲ့​ကြောင်းကို ထုတ်ပြန်ထားသည်။ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့မှ ပြည်သူများ၏ ကျေးရွာများ၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်လုပ်ရပ်များနောက်တွင် PDF များ၏ လုပ်ရပ်ဖြစ်ကြောင်း သတင်းတုဖြန့်ဝေမှုများရှိခဲ့ရုံသာမက ယင်းတို့၏ စစ်စခန်းများကို PDF များမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များတွင်လည်း PDF များမှ ကျေးရွာများကို မီးရှို့ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ပုံဖော်သည့် အရေးအသားများနှင့် ဝါဒဖြန့်သတင်းတုများ ဖြန့်ဝေလေ့ရှိသည်။   Link

၆။ စစ်ဝတ်စုံများနှင့် ရှေ့တန်းရောက်နေသည့် ယူကရိန်းသမ္မတ၏ ပုံ​​များမှာ ပုံ​ဟောင်းများသာဖြစ်

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်မှ ယူကရိန်းအား အထူးစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကြေညာလိုက်ပြီး တပြိုင်နက် ယူကရိန်းနိုင်ငံ၏ မြို့တော်များကို စတင်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုများဖြစ်ပြီး ဒုတိယနေ့တွင် ယူကရိန်းသမ္မတ ဇဲလန်စကီမှ စစ်ဝတ်စုံအပြည့်အစုံနှင့် ရှေ့တန်းစစ်မြေပြင် ရောက်ပြီဖြစ်ကြောင်း  ဖေဖော်ဝါရီ ၊ ၂၅တွင် လူမှုကွန်ရက်ပေါ်သို့ ပြန့်နှံ့ခဲ့သည်။ 

ထိုသတင်းအား Nay Thway အမည်ရှိ အကောင့်ပိုင်ရှင်မှ တင်ထားခဲ့ပြီး “ယူကရိန်းသမ္မတရဲ့ စစ်ဝတ်စုံအပြည့်အစုံဝတ်ထားတဲ့ ပုံနဲ့အတူ ယူကရိန်းသမ္မတ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ မြင်တွေ့ရတဲ့ပုံဖြစ်ကြောင်း….” ရေးသားထားခဲ့သည်။ သတင်းတုအား  Like & react ပြုလုပ်သူ ၃၄၀၀၀ ကျော်နှင့်  ပြန်လည်မျှဝေသူပေါင်း ၁၂၀၀၀ ကျော်ရှိခဲ့သည်။ 

သတင်းတုတွင် အသုံးပြုထားသည့် ပုံများမှာ ယူကရိန်းသမ္မတ ၂၀၂၁၊ ဧပြီလတွင် စစ်အခြေစိုက်စခန်းများကို သွားရောက်ခဲ့သည့်  ပုံများဖြစ်နေသည်။  ထိုသတင်းကို ယူကရိန်းသမ္မတရုံး၏ တရားဝင်ဝက်ဆိုက် တွင် ဖော်ပြထားသည်။ ယင်းသို့ ဖြစ်စဉ်များနှင့် ဓာတ်ပုံအလွဲများမှာ သက်ရောက်မှုကြီးကြီးမားမားမရှိသော်လည်း ပြန်လည်မျှဝေမှုများ၊ ထပ်ဆင့်ကူးယူဖော်ပြသူများ များပြားခဲ့သဖြင့်  သတင်းမှန်စီးဆင်းမှုအား နှေးကွေးစေသည်။ Link

၇။ ယူကရိန်းသမ္မတနှင့် ရုရှားသမ္မတတို့ ဘယ်လာရုဇ်နိုင်ငံမှာ​တွေ့ဆိုသည့် ဗွီဒီယိုဖိုင်အ​ဟောင်း

ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာဇီလန်စကီး နှင့် ရုရှားသမ္မ ဗလာဒီမာပူတင်တို့ ဘယ်လာရုဇ်နိုင်ငံမှာ ​တွေ့ဆုံ​ဆွေး​နွေး​နေကြ ဆိုသည့် ဗွီဒီယိုဖိုင်အ​ဟောင်းတခုသည် ဖေဖော်ဝါရီ၊ ၂၈ တွင် ဖြစ်​နေသ​ယောင်​ယောင်ပြန့်နှံ့​ခဲ့သည်။ Nay Thway အမည်ရှိ ​ဖေ့ဘွတ်ခ်အ​ကောင့်တခုမှ ဒီ​နေ့(၂၈.၂၂၀၂၂) ရက်စွဲနှင့် ဖြန့်​ဝေခဲ့ပြီး ကြည်ရှု့သူ​ပေါင်း ၁၉၀၀၀ ​ကျော်နှင့် ပြန်လည်ဖြန့်​ဝေသူ​ပေါင်း ၁၅၇၉ ဦးအထိ ရှိ​ခဲ့သည်။ 

အဆိုပါ ဗွီဒီယိုဖိုင်အား အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ၊ ၉ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ပြင်သစ်၊ ဂျာမဏီ၊ ယူကရိန်းနှင့် ရုရှားနိုင်ငံ ရဲ့ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည့် ဗွီဒီယိုဖိုင် ကို ပြန်လည်အသုံးပြု သတင်းတုဖြန့်ဝေခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ယခင်မှ ဖြစ်ခဲ့သည့် သတင်းများကို ယူသုံး၍ ယခုတွင် ဖြစ်နေသယောင် ဖြစ်စဉ်အလွဲများနှင့် ရေးသားဖြန့်ဝေမှုများသည် မကြာခဏတွေ့ရသည်။ ယင်းသို့ ဖြစ်စဉ်များနှင့် ဓာတ်ပုံအလွဲများမှာ သက်ရောက်မှုကြီးကြီးမားမားမရှိသော်လည်း ပြန်လည်မျှဝေမှုများ၊ ထပ်ဆင့်ကူးယူဖော်ပြသူများ များပြားခဲ့သဖြင့်  သတင်းမှန်စီးဆင်းမှုအား နှေးကွေးစေသည်။ Link

၈။ ယူကရိန်းပြည်သူများသည် မြန်မာနိုင်ငံမှ ပြည်သူများနှင့် အတူရပ်တည်ကြောင်း ဆန္ဒဖော်ထုတ်ဆိုသည့် ပြုပြင်ဖန်တီး သတင်းဓါတ်ပုံများ 

ယူကရိန်းပြည်သူ​များသည် ကျူး​ကျော်ဝင်​ရောက်ခဲ့သည့် ရုရှား အစိုးရအား ဆန္ဒပြရာတွင် မြန်မာနိုင်ငံအပေါ်တွင်လည်း ကူညီ​ပေးဖို့ရာ လှုံ့​ဆော်ခဲ့ကြဆိုသည့် ဖန်တီးပြုပြင်ထားသော သတင်းဓါတ်ပုံများ ပြန့်နှံ့ခဲ့သည်။ အဆိုပါဓါတ်ပုံများကို Mother Su Fan အမည်ရှိ ဖေ့ဘွတ်ခ်မှ ဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၆ ဦးရှိခဲ့ပြီး ထပ်ဆင့်ကူးယူဖော်ပြသူများလည်း အများအပြားရှိခဲ့သည်။ 

အဆိုပါဓါတ်ပုံများနှင့် ပါတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာ လိုအပ်သလို ပြုပြင်ဖန်တီးထားသည့် ဓါတ်ပုံများသာဖြစ်ကြောင်းကို ဒီစစ်ဆေးချက် နှင့် ဒီစစ်ဆေးချက် အရ တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်နေသူများအပေါ် ယူကရိန်းပြည်သူများမှ ထောက်ခံကြသည်ဟုဆိုကာ မျှော်လင့်အမှားများကို အခြေခံသည့် သတင်းတုများကို ဖြန့်ဝေရေးသားထားခြင်းဖြစ်သည်။  Link

 

%d bloggers like this: