Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဗွီဒီယိုဖိုင် အဟောင်းတွေကိုအသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်အောင် သတင်းတုဖြန့်နေ၊ ကြည့်ရှု့သူ​နဲ့ ပြန်လည်မျှ​ဝေသူ​တွေ အများအပြားရှိ​နေတဲ့ ပေ့ချ်အကြောင်း
နိုင်ငံရေး

ဗွီဒီယိုဖိုင် အဟောင်းတွေကိုအသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်အောင် သတင်းတုဖြန့်နေ၊ ကြည့်ရှု့သူ​နဲ့ ပြန်လည်မျှ​ဝေသူ​တွေ အများအပြားရှိ​နေတဲ့ ပေ့ချ်အကြောင်း

နေစဥ်နဲ့အမျှ သတင်း​တွေဟာ ​အွန်လိုင်းလူမှုကွန်ယက်​တွေမှာ ပြန့်နှံ့စီးဆင်း​နေပါတယ်။ အခုလို ကပ်​ရောဂါ​တွေ၊ တိုက်ပွဲ​တွေက မြန်မာနိုင်ငံမှာတင်မကပဲ ကမ္ဘာတလွှားမှာပါ ကြုံ​တွေ့လာရ​တဲ့ ​ခေတ်ကျပ်ထဲမှာဆိုရင် ပိုလို့တောင် သတင်းအသစ်​တွေ ထွက်​ပေါ်​နေပါ​သေးတယ်။ ဒီလိုအချိန်မှာ လူစိတ်ဝင်စားတဲ့ ဖြစ်စဥ်​တွေ၊ ဖြစ်ရပ်​တွေ​ပေါ် မူတည်ပြီး​တော့ ပြုပြင်ဖန်တီးထားတဲ့ သတင်းဓါတ်ပုံ​တွေ၊ လိုရာစွဲ​ဖော်ပြ​နေတဲ့ ဗွီဒီယိုဖိုင်အ​ဟောင်း​တွေ၊ Live အဟောင်းတွေလိုမျိုး သတင်းအမှား​တွေဟာ ဆိုးဆိုးရွားရွား ပြန့်နှံ့​နေပါတယ်။ တချို့ သတင်းကြည့်ရှု့သူ​တွေမှာ​တော့ ဒီလို သတင်း​တွေကို ကြည့်လိုက်တာနဲ့ သတင်း​အ​ဟောင်း၊ လုပ်ကြံသတင်းလို့ သိကြ​ပေမဲ့ တချို့​တွေမှာ​တော့ မဟုတ်ကြပါဘူး။

အခုတစ်ခါမှာတော့ “Videos Search” နာမည်နဲ့ ဖေ့ဘွတ်ခ် ပေ့ချ်တစ်ခုကနေ သတင်းတု၊ သတင်းမှား​တွေ ​တော်​တော်များများ ဖြန့်ဝေထားတာကို တွေ့ရပါတယ်။ ဒီပေ့ချ်ကို ၂၀၂၂၊ ဇန်နဝါရီ၊ ၁၅ က စဖွင့်ထားပြီး ​ပေ့ချ်ကို လိုက်ခ် လုပ်ထားသူ ၂၅၃၁၇ ယောက်နဲ့ ​ဖောလိုဝါ လုပ်ထားသူ ၁၁၄၁၀၃ ယောက်ရှိနေပါတယ်။ အဲ့ပေ့ချ်က တင်ဆက်နေတဲ့ သတင်းတွေဟာဆိုရင် လက်တလော လူစိတ်ဝင်စားမှုများနေတဲ့ သတင်းအကြောင်းအရာတွေကို အခြေခံပြီး အရင်က ဗွီဒီယိုဖိုင် အဟောင်းတွေနဲ့အတူ ခေါင်းစဉ်တပ်ရေးသားကာ အချိန်ကိုက်တင်ဆက်လေ့ရှိပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင် အဟောင်းတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်အကြီးတပ်ပြီး တင်ဆက်လေ့ရှိပါတယ်။ ဒီ​ပေ့ချ်ရဲ့ ဗွီဒီယို အတုတွေမှာ လိုက်ခ်လုပ်သူ အနည်းဆုံး ၉၀၀ ကျော်နဲ့ အထက်ရှိပြီး ပြန်လည်မျှဝေသူ အများအပြားရှိပါတယ်။

လတ်တ​လော သတင်းတုဖြန့်ဝေထားတဲ့ အကြောင်းအရာတွေထဲကမှ ခေါင်းစဉ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

• နိုင်ငံတော် အာဏာပြန်လွဲပြီဖြစ်ကြောင်း မြန်မာ့အသံမှာ တိုက်ရိုက် Live လွင့်နေပြီ

• ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ အခုပဲ နေပြည်တော်က ပြည်သူတွေကြိုနေကြပြီတဲ့

• စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီး ဦးဝီရသူ ပျံလွန်တော်မူ

• မင်းသမီး အိန္ဒြာကျော်ဇင် လွတ်မြောက်လာပြီးမှ ပြန်လည် ဖမ်းဆီးခံရတာတဲ့

• မင်းမော်ကွန်း အင်းစိန်ကို ရောက်နေကြောင်း တိုက်ရိုက် live လွင့်အတည်ပြု စတဲ့ တိကျခိုင်လုံမှုမရှိတဲ့သတင်းတွေကို ဗွီဒီယိုအဟောင်းတွေနဲ့ ပြုပြင် ထားပြီး ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖြန့်ဝေနေတာကိုတွေ့ရပါတယ်။

ပေ့ချ်ကို ၂၀၂၂၊ဇန်နဝါရီ၊ ၁၅ စဖွင့်ခဲ့​ပေမဲ့ မတ်၊ ၁ ရက်နေ့မှ ပိုစ့်တင်ခဲ့တာတွေ့ရပါတယ်။ စတင်ခဲ့တဲ့အချိန်မှာတော့ ယခုလို ဗွီဒီယို အဟောင်းတွေ အသုံးပြုပြီး သတင်းတုဖြန့်ဝေခဲ့တာမဟုတ်ဘဲ တခြား​ပေ့ချ်များမှ တင်ထားခဲ့တဲ့ စာတိုတွေကို ကူး​ယူ ရေးသားထားတာ တွေ့ရပါတယ်။ မတ်လ ၂ရက်နေ့မှစပြီး Video အဟောင်းတွေနဲ့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းတုတွေကို တစိုက်မတ်မတ် စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ယခုလို သတင်းတုဖန်တီးသူတွေဟာ လူစိတ်ဝင်စားနိုင်တဲ့ သတင်းအကြောင်းအရာတွေကို အခြေခံပြီး သတင်းတုဖန်တီးလေ့ရှိပါတယ်။ သတင်းတု၊သတင်းမှားစီးဆင်းမှုများလာတဲ့အခါ သတင်းမှန်စီးဆင်းမှုကိုနှေးကွေးစေနိုင်ပါတယ်။ ဒီလို သတင်းတုတွေ ဆက်လက်ပြန့်နှံ့နေမယ်ဆိုရင် လက်ရှိမြေပြင်မှာ ဖြစ်နေတဲ့ သတင်းအမှန်များကို ဖုံးသွားစေနိုင်ပြီး စာဖတ်သူတွေဆီလည်း သတင်းအမှားများသာ ရောက်စေနိုင်ပါတယ်။ သတင်းတု၊ သတင်းမှားတွေကို မိမိကစ မဖြန့်ဝေမိဖို့လိုပါတယ်။ မိမိဖတ်ရှုလိုက်တဲ့အကြောင်းအရာဟာ အမှန်ဟုတ်မဟုတ်ကိုလည်း စစ်ဆေးဖို့လိုအပ်ပါတယ်။ သတင်းဖတ်ရှုမယ်ဆိုရင်တော့ သတင်းတင်ထားတဲ့ ရက်စွဲ၊ မိမိဖတ်ရှုလိုက်တဲ့ အကြောင်းအရာဟာ လွတ်လပ်တဲ့ မီဒီယာတွေမှာ ရှိမရှိ၊ တွေ့ရှိရတဲ့ သတင်းဓာတ်ပုံတွေနဲ့ ဗွီဒီယို တွေဟာ ယခုဖြစ်ပွားနေတဲ့ ဖြစ်စဉ်က ပုံတွေဟုတ်မဟုတ်ကို စစ်ဆေးဖို့လိုအပ်ပါမယ်။ သတင်းဓာတ်ပုံတွေ စစ်ဆေးချင်တယ်ဆိုရင်တော့ Google image search ကိုအသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ သတင်းတုလို့ မိမိဘာသာ စစ်​ဆေး​တွေ့ခဲ့ရင်လည်း ​ကျော်မသွားပဲ တခြားသူ​တွေဆီ ဆက်လက်မစီးဆင်း​စေဖို့ ​ဖေ့ဘွတ်ခ်ကို သတင်းတုအ​နေနဲ့ ရပို့တင်ကြပါလို့လည်း တိုက်တွန်းပါတယ်။ သတင်းတုလို့ ယူဆရရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box ကနေတစ်ဆင့် လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#factcheck

%d bloggers like this: