မနေ့(၂၇.၃.၂၀၂၂) က ကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားကို အနုပညာရှင်တွေ ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုနဲ့ အိန္ဒြာကျော်ဇင်တို့ တက်ရောက်ခဲ့ကြတယ်ဆိုပြီး ၂၀၁၉ ခုနှစ်က ပုံတွေကို ပြန်သုံးထားတဲ့ သတင်းတု တခုပြန့်နှံ့နေပါတယ်။
ဒီသတင်းကို Aung Myat Thu နံမည်နဲ့ ဖေ့ဘွတ်ခ်အကောင့်တခုကနေ စဖြန့်ခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေသူပေါင်း ၃၁၂ ဦးထိ ရှိနေပါတယ်။ ဒါအပြင် ပုံနဲ့စာကိုပဲ ထပ်ဆင့်ကူးယူဖော်ပြနေသူတွေလည်း အများအပြားရှိနေပါတယ်။ တင်ထားတဲ့ အရေးအသားမှာဆိုရင်လည်း “နင်… နင်တို့ လုပ်ရက်လိုက်တာ၊ မောင်ချိုနဲ့ အူဝဲရာ” စသဖြင့် လှောင်ပြောင်ပြီး ဖော်ပြထားပါသေးတယ်။
ဒီ သတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက် စစ်ဆေးခဲ့ရာမှာတော့ ၂၀၁၉ ခုနှစ်က ချမ်းမြေ့မောင်ချို ကိုယ်တိုင်တင်ထားခဲ့တဲ့ ဓါတ်ပုံကို ပြန်သုံးပြီး တင်ထားတာ တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ ၇၄ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို သူတို့နှစ်ဦးတက်ရောက်ခဲ့တဲ့ ဓါတ်ပုံသာဖြစ်ပါတယ်။
သတင်းတု ဓါတ်ပုံမှာ အသုံးပြုထားတဲ့ တပ်မတော်နေ့ အကြိမ်မြောက်မှာ၊ ၇၄ ဖြစ်ပြီး ယခုနှစ် ၂၀၂၂ မှာတော့ ၇၇ နှစ်မြောက် ဖြစ်တယ်ဆိုတာကိုလည်း လွယ်လွယ်ကူကူမြင်နိုင်ပါတယ်။ ဒါအပြင် ချမ်းမြေ့မောင်ချိုရဲ့ ဖေ့ဘွတ်ခ်အကောင့်မှလည်း ဒါဟာ သတင်းဓါတ်ပုံအဟောင်းတခုသာဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာကို အောက်က လင်ခ့်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ – https://m.facebook.com/story.php?story_fbid=520968046058728&id=100044366108975
အနုပညာရှင် ချမ်းမြေ့မောင်ချိုနဲ့ အိန္ဒြာကျော်ကျော်ဇင်တို့ဟာ စစ်အာဏာသိမ်းဖို့ကြိုးစားခဲ့တဲ့ ဖေဖော်ဝါရီ၊ ၁၊ ၂၀၂၁ တည်းကစလို့ ပြည်သူနဲ့အတူရပ်တည်ပြီး အာဏာသိမ်းဖို့ ကြိုးပမ်းတာကို ကန့်ကွက်ခဲ့သူတွေဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ဟာလည်း မကြာသေးခင် ရက်သတ္တပတ် အတွင်းကမှ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူ တဦးဖြစ်ပါတယ်။
ဒီလိုသတင်းတုတွေဟာ အာဏာသိမ်းဖို့ ကြိုးစားမှုကို ဆန့်ကျင်ခဲ့တဲ့ အနုပညာရှင်တွေကို ရပ်တည်ချက်မမှန်ကန်ကြောင်းနဲ့ အထင်အမြင်လွဲစေဖို့ရာ ဖန်တီးဖြန့်ဝေထားတာသာဖြစ်ပါတယ်။ ဒီလို သတင်းဓါတ်ပုံတွေတွေ့ရင် လွယ်လင့်တကူမယုံကြည်ကြပဲ သတင်းဓါတ်ပုံမှာ ပါဝင်တဲ့ ကိန်းဂဏန်းတွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးဖို့ရာ အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ chat box မှာ လာရောက် မေးမြန်းစစ်ဆေးနိုင်ပါတယ်။