Home>>တိုက်ပွဲ>>စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတဲ့ မြဝတီ အာရှလမ်းပေါ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအစိုးရကနေ KNU ကို သတိပေးဆိုတဲ့ သတင်းတု
တိုက်ပွဲနိုင်ငံရေး

စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတဲ့ မြဝတီ အာရှလမ်းပေါ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအစိုးရကနေ KNU ကို သတိပေးဆိုတဲ့ သတင်းတု

လတ်တလောကာလမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ မြဝတီ – ကော့ကရိတ်လမ်းကြော က အာရှလမ်းမကြီးပေါ်မှာ ကရင်အမျိုးသားအစည်းအရုံး – KNU နဲ့ အာဏာသိမ်း စစ်ကောင်စီကြားက တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရကနေ KNU ခေါင်းဆောင်တွေကို သတိပေးလိုက်တယ်ဆိုပြီး သတင်းတု တခုပြန့်နှံ့နေပါတယ်။

ဒီသတင်းကို လင်းနေ #PVN ဆိုတဲ့ ရင်းမြစ်တခုကို ကိုးကားပြီး အများအပြား ကူးယူဖော်ပြနေကြတာကို တွေ့ရပါတယ်။ သတင်းမှာဆိုရင် “KNU ဥက္ကဌနဲ့ ခေါင်းဆောင်တွေကို ထိုင်းအစိုးရက မဲဆောက်မြို့မှာ ခေါ်တွေ့ပြီး အာရှလမ်းက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ရပ်တန့်ရန်နှင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ NCA လမ်းစဥ်အတိုင်း သွားရန် လိုအပ်ကြောင်း” စသဖြင့် ထိုင်းဘာသာ၊ မြန်မာဘာသာတွေနဲ့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှ ယုံ ကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ အောက်က အချက်အလက်တွေအရ သတင်းတု တခုဖြစ်နေတာကိုသာ တွေ့ခဲ့ရပါတယ်။
– သတင်းတုမှာဆိုရင် ဘယ်မီဒီယာရဲ့ ဖော်ပြချက်ကို ကိုးကားထားပါတယ်ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ကိုးကားထားတဲ့ #PVN နဲ့ လင်းနေ ဆိုတဲ့ ရင်းမြစ်မှာလည်း အာဏာသိမ်းစစ်ကောင်စီ ဝါဒဖြန့်သတင်းတွေကိုသာ ဖြန့်ဝေနေတဲ့ မယုံကြည်ရတဲ့ ရင်းမြစ်တခုဖြစ်နေတာကို တွေ့ရပါတယ်။

– ယခုလို ထိပ်တန်းသတင်းတပုဒ်ကိုလည်း ထိုင်းနိုင်ငံပိုင် မီဒီယာ၊ မြန်မာနိုင်ငံပိုင် မီဒီယာတွေကနေ ဖော်ပြလာတာမျိုး ယခုအချိန်ထိတိုင် မတွေ့ရသေးပါ။ – ဒါအပြင် ထိုင်းနိုင်ငံဟာ အခုလို ကိစ္စမျိုးတွေမှာလည်း ဝင်ရောက်စွက်ဖက်တာမျိုး သိပ်မတွေ့ရပေ။ အာဏာသိမ်းစစ်တပ်၏ အဆင်ခြင်မဲ့ ပစ်ခတ်မှုများကြောင့်သာ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း လက်နက်ကြီး ကျရောက်ခဲ့၍ သတိပေးခဲ့ရတာတွေသာ ရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အာရှလမ်းမကို သုံးပြီး KNU နယ်မြေထဲကို တပ်အင်အား အများအပြားပို့နေတာကြောင့် မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းကို အများပြည်သူ သွားလာအသုံးပြုတာတွေမလုပ်ဖို့ KNU တပ်မဟာ (၆) နဲ့ ဒူးပလာယာခရိုင် အုပ်ချုပ်ရေးအဖွဲ့တို့က အများပြည်သူထံ ပန်ကြားချက်ကို မတ်၊ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါနောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများခဲ့သလို လက်နက်အင်အား အများအပြားကိုလည်း KNLA ဘက်က သိမ်းဆည်းရမိထားပါတယ်။ ဒါတွေနဲ့ မရှေးမနှောင်းမှာပဲ အခုလို သတင်းတုတွေ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ သတင်းတုကို ဖြန့်ဝေသူ အများအပြားဟာ အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူတွေသာ ဖြစ်နေတာကို တွေ့ရပြီး စကစ ဘက်က အကျအဆုံးများလာတာနဲ့ ပတ်သက်လို့ အခုလို သတင်းကို ထုတ်လွှင့်လာပါတယ်။ ဒါကြောင့် ဒီလို သတင်းတွေကို တွေ့ရင် သတင်းရင်းမြစ်ကို သတိထားစောင့်ကြည့်ဖို့ လိုသလို အခက်အခဲ တစုံတရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: