Home>>ဆောင်းပါး>>မတ်လအတွင်း တွေ့ရှိခဲ့သော သတင်းတု/မှား များ
ဆောင်းပါးတိုက်ပွဲပညာပေးUncategorized

မတ်လအတွင်း တွေ့ရှိခဲ့သော သတင်းတု/မှား များ

မတ်လ အတွင်း သတင်းတု/မှား များနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်မှုများအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ – PDF, ဒေသခံကာကွယ်ရေးတပ်များ – LDF များအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို အများအပြားတွေ့ခဲ့ရသည်။ သတင်းတုများသည် အဓိကအားဖြင့် PDF, LDF များသည် အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်သူများ၊ ဗုဒ္ဓဘာသာဘုန်းကြီးများအား သတ်ဖြတ်၍ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေကြသူများအဖြစ် ပုံဖျက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းအပြင် အာဏာသိမ်းစစ်တပ်မှ လူနေကျေးရွာများကို မီးရှို့ဖျက်ဆီးနေမှုများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကိုလည်း PDF များ၏ လက်ချက်ဟု သမုတ်၍ ဖြန့်ဝေမှုများ ရှိနေသည်။ သို့သော် တချို့သော ဖြစ်စဉ်များတွင်မူ လွတ်လပ်သည့် မီဒီယာများ၏ ဖော်ပြချက်များနှင့် ဖြစ်ခင်းမှ ဒေသခံများနှင့် မေးမြန်းအင်တာဗျူးများကို အခြေခံ၍ ဖြစ်စဉ်အမှန်ကို သိရှိနိုင်သော်လည်း ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမပိုင်းတွင် အရပ်သားကားများ မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်များတွင်မူ အာဏာသိမ်းစစ်တပ်ထောက်ခံသူများနှင့် တော်လှန်သူများအကြား အပြန်အလှန်စွပ်စွဲမှုများ ရှိနေသလို ဖြစ်စဉ်များမှာလည်း ယနေ့ထိတိုင် ပေါ်ပေါက်လာခြင်းမရှိ၍ ဖြေရှင်းရန် မလွယ်ကူခဲ့ချေ။ 

ဗွီဒီယိုဖိုင် အဟောင်းများအသုံးပြု၍ ထင်ယောင်ထင်မှားဖြစ်အောင် သတင်းတုဖြန့်သည့် ပေ့ချ်အကြောင်း Link

မတ်လအတွင်း “Videos Search” အမည်နှင့် ဖေ့ဘွတ်ခ် ပေ့ချ်တစ်ခုမှ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေထားခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။  ယင်းပေ့ချ်ကို ၂၀၂၂၊ ဇန်နဝါရီ၊ ၁၅ မှ စဖွင့်ထားပြီး ​ပေ့ချ်ကို လိုက်ခ် လုပ်ထားသူ ၂၅၃၁၇ ယောက်နှင့် ​ဖောလိုဝါ လုပ်ထားသူ ၁၁၄၁၀၃ ယောက်ရှိသည်။ ယင်းပေ့ချ်မှ တင်ဆက်သည့် သတင်းများမှာ လက်တလော လူစိတ်ဝင်စားမှုများနေသည့် သတင်းအကြောင်းအရာများကို အခြေခံပြီး ယခင် ဗွီဒီယိုဖိုင် အဟောင်းများနှင့်အတူ ခေါင်းစဉ်တပ်ရေးသားကာ အချိန်ကိုက်တင်ဆက်လေ့ရှိကြောင်း တွေ့ခဲ့ရသည်။ ဖြန့်ဝေထားသည့် ဗွီဒီယိုဖိုင် အဟောင်းများကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်အကြီးတပ်ပြီး တင်ဆက်လေ့ရှိသည်။ ထိုပေ့ချ်မှ တင်ထားသည့် ဗွီဒီယို အတုများကို လိုက်ခ်လုပ်သူ အနည်းဆုံး ၉၀၀ ကျော်နှင့် အထက်ရှိပြီး ပြန်လည်မျှဝေသူ အများအပြားရှိခဲ့သည်။ 

သတင်းတုဖြန့်ဝေထားသည့် အကြောင်းအရာများထဲမှ အချို့မှာ- 

  • နိုင်ငံတော် အာဏာပြန်လွဲပြီဖြစ်ကြောင်း မြန်မာ့အသံမှာ တိုက်ရိုက် Live လွင့်နေပြီ
  • ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ အခုပဲ နေပြည်တော်က ပြည်သူတွေကြိုနေကြပြီတဲ့
  • စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီး ဦးဝီရသူ ပျံလွန်တော်မူ
  • မင်းသမီး အိန္ဒြာကျော်ဇင် လွတ်မြောက်လာပြီးမှ ပြန်လည် ဖမ်းဆီးခံရတာတဲ့
  • မင်းမော်ကွန်း အင်းစိန်ကို ရောက်နေကြောင်း တိုက်ရိုက် live လွင့်အတည်ပြု စတဲ့ တိကျခိုင်လုံမှုမရှိတဲ့သတင်းတွေကို ဗွီဒီယိုအဟောင်းတွေနဲ့ ပြုပြင် ထားပြီး ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖြန့်ဝေထားကြောင်း တွေ့ရသည်။

ပေ့ချ်ကို ၂၀၂၂၊ ဇန်နဝါရီ၊ ၁၅ တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း မတ်၊ ၁ ရက်နေ့မှ ပိုစ့်တင်ခဲ့ကြောင်း တွေ့ရသည်။  စတင်ခဲ့သည့်အချိန်တွင် ယခုလို ဗွီဒီယို အဟောင်းများ အသုံးပြုပြီး သတင်းတုဖြန့်ဝေခဲ့ခြင်း မဟုတ်ဘဲ အခြား​ပေ့ချ်များမှ တင်ထားခဲ့သည့် စာတိုများကို ကူး​ယူ ရေးသားထားကြောင်း တွေ့ရသည်။ မတ်လ ၂ရက်နေ့မှစပြီး Video အဟောင်းများနှင့် ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့်  သတင်းတုများကို တစိုက်မတ်မတ် စတင်ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ 

ယင်း ပေ့ချ်၏ ပိုစ့်အောက်တွင် သတင်းတု/မှား များမတင်ရန် မှတ်ချက်ပြုရေးသားထားမှုများ ရှိသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိဘဲ ယခုထိတိုင်အောင် ဆက်လက်ရေးသားဖြန့်ဝေထားမှုကို တွေ့ရသည်။ အဆိုပါကဲ့သို့ Clickbait ဝက်ဆိုက်ဘ်များနှင့် ပေ့ချ်များသည် ယင်းတို့ပေ့ချ်အား လူအများအပြားဝင်ရောက်ကြည့်ရန် အတွက် လူအများစိတ်ဝင်တစားရှိသည့် သတင်းများကို ပြုပြင်ထားသည့် ဓါတ်ပုံများ၊ လူအများအလွယ်တကူစိတ်ဝင်စားနိုင်သည့် သတင်းခေါင်းစည်းများ အသုံးပြု၍ ဖြန့်ဝေကြသည်။ ယင်းတို့၏ အကျိုးအမြတ်အတွက် လူဝင်ရောက်မှုများပြားစေရန် ရည်ရွယ်ဖြန့်ဝေခဲ့ကြသော်လည်း  သတင်းတု/မှား အချို့တွင် ပြည်သူလူထုအား မျှော်လင့်ချက်အမှားများကို ဖြစ်စေနိုင်သည့် သတင်းများစွာကို ခေါင်းစဉ်အကြီးတပ်၍ ရေးသားဖြန့်ဝေလေ့ရှိသည်။ 

 

ဖိလစ်ပိုင်တွင် ဖြစ်ခဲ့သော မုန်တိုင်းမှ ပုံအ​ဟောင်းကို ပြန်သုံးပြီး လပွတ္တာ မြို့မှ ပုံဟု ပြန်​ဖြန့်​နေ Link

၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် တိုက်ခိုက်ခဲ့သည့် မုန်တိုင်း​ဒဏ်သင့် ပုံအ​ဟောင်းကို ပြန်သုံးပြီး​ မြန်မာနိုင်ငံ၊ လပွတ္တာမြို့တွင် မုန်တိုင်းဝင်ပြီး အ​ခြေအ​နေဆိုသည့် သတင်းဓါတ်ပုံအမှားတခု ပြန့်နှံ့​ခဲ့သည်။ ထိုသတင်းကို မတ်၊ ၂၃ မှာ “လပြည့် ချိုချို” နံမည်ရှိ အ​ကောင့်တခုမှ ဖြန့်​ဝေထားခြင်းဖြစ်ပြီး ပြန်လည်မျှ​ဝေသူ​ပေါင်း ၄၅၇ ဦးအထိ ရှိ​ခဲ့သည်။ ယင်းအပြင် စာသားကိုပဲ ထပ်ဆင့် ကူးယူ​ဖော်ပြ​သူများလည်း အများအပြားရှိခဲ့သည်။  

သတင်းတုတွင် ပါသည့် ပုံအား ထပ်တူပြုစစ်​ဆေးသည့် Reverse Image Search ကို အသုံးပြုစစ်​ဆေးခဲ့ရာ နိုင်ငံရပ်ခြား ဖြစ်စဥ်က ပုံ​တွေကို ပြန်သုံးပြီး သတင်းတု ဖြန့်​ဝေ​ထားကြောင်း တွေ့ရသည်။  ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ၊ ၁၂ မှာ ဖိလစ်ပိုင်နိုင်ငံ၊ Tacloban မြို့​တော်မှာ Super Typoon Haiyan မုန်တိုင်းဝင်​ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မှ ဓါတ်ပုံဖြစ်နေကြောင်းတွေ့ခဲ့ရသည်။ လပွတ္တာမြို့ မုန်တိုင်းအခြေအနေနှင့် ပတ်သက်ပြီး လပွတ္တာမြို့၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှုအဖွဲ့၏ Heart Laputta နံမည် နှင့် ဖေ့ဘွတ်ခ်အ​ကောင့်မှ မျှဝေထားမှုကိုလည်း တွေ့ရှိခဲ့ရသည်။ 

အဆိုပါသတင်းတုနှင့် ပတ်သက်၍ စတင်ဖြန့်ဝေထားခဲ့သူ “လပြည့် ချိုချို” နာမည်ဖြင့် ဖြန့်ဝေထားသူ၏ ပိုစ့်အောက်တွင် ယင်းမှာ သတင်းမှားသာဖြစ်ပြီး လပွတ္တာမြို့တွင် အဆိုပါကဲ့သို့ ဖြစ်စဉ်မရှိကြောင်း မှတ်ချက်ပြုခဲ့ကြသော်လည်း ဖြန့်ဝေပြီး ၂ နာရီကျော် ကြာသည့် အချိန်တွင်မှ သူမ သတင်းတု တင်ထားခဲ့ကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။ သို့သော် သတင်းတု ပိုစ့်ကို မဖျက်ချခဲ့ပေ။ တွေးပြီးမှယုံ မှ ဖြေရှင်းခဲ့ပြီး မရှေးမနှောင်းအချိန်ရောက်မှသာ ပိုစ့်ကို ဖျက်ချခဲ့ခြင်းမရှိပဲ ပုံအမှန်များနှင့် ပြန်လည် အစားထိုး ဖော်ပြခဲ့ခြင်းဖြင့် ပြုပြင်ခဲ့သည်။ “လပြည့် ချိုချို” အကောင့်သည် အခြား သတင်းမီဒီယာများမှ သတင်းများကို ထပ်ဆင့် ကူးယူဖော်ပြရာတွင်လည်း သတင်းတခုလုံးမှ သူလိုချင်သည့် အပိုင်းကိုသာ ဖြတ်ညှပ်ယူ၍ ဖြန့်ဝေမှုများလည်း ရှိနေသည်။ ယင်းသို့ သတင်းများ ဖြန့်ဝေနေသော အကောင့်များသည် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းတွင် အများအပြား ပေါ်ပေါက်လာခဲ့ပြီး အဓိက ရည်ရွယ်ရင်းမှာ လူအများအကြား ယင်းတို့၏ ဖေ့ဘွတ်ခ်အကောင့်များ၊ ပိုစ့်များ ရောက်ရှိစေရန် ဖြစ်နိုင်ပြီး ယင်းသို့ ဖြန့်ဝေမှုများကြောင့်လည်း သတင်းတုများ ဆက်လက်ပြန့်နှံ့နေခြင်းဖြစ်သည်။

 

ပုံအ​ဟောင်း​များသုံး၍ ချမ်း​မြေ့​မောင်ချို နှင့်  အိန္ဒြာ​ကျော်ဇင်တို့ တပ်မ​တော်​နေ့ အခမ်းအနားတက်​​​ရောက် ကြောင်း သတင်းတုဖြန့် Link

မတ်၊ ၂၇ တွင် ကျင်းပခဲ့သည့် တပ်မ​တော်​နေ့ အခမ်းအနားကို အနုပညာရှင်များ ဖြစ်သည့် ချမ်း​မြေ့​မောင်ချို နှင့် အိန္ဒြာ​ကျော်ဇင်တို့ တက်​ရောက်ခဲ့ကြတယ်ဆိုပြီး ၂၀၁၉ ခုနှစ်မှ ပုံ​တွေကို ပြန်သုံးထားသည့် သတင်းတုပြန့်နှံ့ခဲ့သည်။ ထိုသတင်းကို Aung Myat Thu အမည်ရှိ အကောင့်တစ်ခုမှ စဖြန့်ခဲ့ပြီး ပြန်လည်မျှ​ဝေသူ​ပေါင်း ၃၁၂ ဦးထိ ရှိ​ခဲ့ပြီး ထပ်ဆင့်ကူးယူဖော်ပြသူများလည်း အများအပြားရှိခဲ့သည်။ ထိုသတင်းတွင် ပါသည့် ဓာတ်ပုံမှာ ၂၀၁၉ ခုနှစ်တွင် ချမ်းမြေ့မောင်ချို ၏ ဖေ့ဘွတ်ခ်အကာင့်မှ ဓာတ်ပုံအား ပြန်လည်ယူသုံးပြီး ယခုဖြစ်နေသယောင် သတင်းတုဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်က ၇၄ ကြိမ်​မြောက် တပ်မ​တော်​နေ့ အခမ်းအနားကို တက်ရောက်ခဲ့သည့် ပုံများဖြစ်သည်။ ထို့အပြင် ချမ်း​မြေ့​မောင်ချို၏ ​ဖေ့ဘွတ်ခ်အ​ကောင့်မှလည်း ယင်းသတင်းမှာပါသည့် ဓာတ်ပုံမှာ သတင်းဓါတ်ပုံအ​ဟောင်းတခုသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားခဲ့သည်။ 

သတင်းတုဖြန့်ဝေသည့် Aung Myat Thu ဆိုသည့် အကောင့်မှာလည်း စစ်တပ်နှင့် သက်ဆိုင်သည့် သတင်းများ၊ အမုန်းစကားများ၊ ဝါဒဖြန့်သတင်းများနှင့် သတင်းတု/မှားများကို အစဉ်တစိုက်ဖြန့်ဝေလေ့ရှိသည့် အကောင့်တစ်ခုဖြစ်သည်။ စစ်လော်ဘီအကောင့်များသည် မြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေများအား စောင့်ကြည့်၍ အချိန်ကိုက် သတင်းတု/မှား များကို ပြည်သူများ လွယ်လင့်တကူယုံကြည်မိစေရန် ဖြန့်ဝေရေးသားသည်။ သတင်းတုဖြန့်ဝေသူများ၏ အဓိက ရည်ရွယ်ချက်မှာ တော်လှန်ရေးအင်အားစုများအကြား သွေးကွဲမှုများ၊ အမြင်တိမ်းစောင်းမှုများ ဖြစ်စေရန် ပုံဖော်လေ့ရှိသည်။ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်မှုများနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်မှ လိုက်လံဖမ်းဆီးမှုများကြောင့် အနုပညာရှင်များ၊ အွန်လိုင်းဘလော်ဂါများနှင့် အခြား streamer များသည် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် တတိယနိုင်ငံဟု ခေါ်ဆိုသည့် ဥရောပနိုင်ငံများသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြပြီး တချို့မှာမူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ယင်းသို့ ပုံစံအသီးသီးနှင့် တိမ်းရှောင်မှုများ ရှိနေချိန်တွင် တတိယနိုင်ငံများ (သို့) အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင်သွားသူများနှင့် တိုင်းရင်းသားနယ်မြေများတွင် ကျန်ရှိခဲ့သူများအကြား အမြင်တိမ်းစောင်းမှုများကို ဖြစ်စေလိုရင်းဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံသို့ တိမ်းရှောင်သွားသော တက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုနှင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတခုတွင် ကျန်ရှိခဲ့သည့် မော်ဒယ်ထားထက်ထက် တို့အား မကြာခဏ နှိုင်းယှဉ်ပြ၍ တော်လှန်ရေးဟူသည် နာမည်ခံသာ ဖြစ်၍ လူပေါ်လူဆော်များမှ ပိုမို အခွင့်အလမ်းများသည့် ဒေသများသို့ နာမည်ခံရွှေ့ပြောင်းသွားကြကြောင်း ပုံဖော်ဖြန့်ဝေကြသည်။ 

ယင်းအပြင် အာဏာသိမ်းစ ကာလတွင် ချမ်းမြေ့မောင်ချို ကဲ့သို့ အနုပညာရှင်များသည် နိုင်ငံ့ဝန်ထမ်းများ၊ CDM လုပ်ကြရန်၊ ပြည်သူများ တော်လှန် ဆန္ဒပြကြရန် လှုံ့ဆော်ကြပြီး အခက်အခဲကြုံရသည့် အချိန်များတွင် ကိုယ့်အကျိုးစီးပွားသာ ကိုယ်ဦးစားပေးကြောင်း၊ ယင်းတို့ လှုံ့ဆော်၍ တော်လှန်နေကြသူများအနေဖြင့် အမြင်မှန်ရသင့်ကြောင်း တော်လှန်ရေးအပေါ် အားလျော့စေရန် ရည်ရွယ်ချက်များနှင့်လည်း နှပ်ကြောင်းပေးပုံဖော်ကြခြင်းဖြစ်သည်။

 

%d bloggers like this: