Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ယခင်နှစ်တွေက ပုံတွေကို ပြန်သုံးပြီး အာဏာသိမ်း စစ်တပ်က ကျင်းပတဲ့သင်္ကြန် စည်ကားနေသယောင် သတင်းတုဖြန့်နေ
နိုင်ငံရေး

ယခင်နှစ်တွေက ပုံတွေကို ပြန်သုံးပြီး အာဏာသိမ်း စစ်တပ်က ကျင်းပတဲ့သင်္ကြန် စည်ကားနေသယောင် သတင်းတုဖြန့်နေ

၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေဆီက မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ် နဲ့ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွေက ပုံတွေသုံးပြီး ယခုနှစ် အာဏာသိမ်းစစ်တပ်က ကျင်းပပေးတဲ့ သင်္ကြန် စည်ကားနေသယောင် ဖြန့်ဝေထားတဲ့ သတင်း တခုပြန့်နှံ့နေပါတယ်။
ဒီသတင်းကို ဟစ်တိုင် – အွန်လိုင်းသတင်းဌာန နာမည်နဲ့ ဖေ့ဘွတ်ခ်ပေ့ချ် တခုကနေ ဖြန့်ဝေထားပြီး မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ် စည်ကားသိုက်မြိုက်စွာကျင်းပ ဆိုပြီး ဖြန့်ဝေထားပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၀ ရှိပါတယ်။ အလားတူ ပဲ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ဆိုပြီး ဖြန့်ဝေထားတဲ့ သတင်းမှာလည်း ပြန်လည်မျှဝေသူပေါင်း ၁၈၂၈ ဦးအထိ ရှိနေပါတယ်။
ဒီသတင်းဓါတ်ပုံတွေနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ ဓါတ်ပုံတွေ ထပ်တူပြုစစ်ဆေးတဲ့ Google Reverse Image အသုံးပြုပြီး စစ်ဆေးကြည့်ရာမှာတော့ ဓါတ်ပုံအဟောင်းတွေကို ပြန်သုံးပြီး သတင်းတု ဖြန့်ဝေနေကြောင်းကိုသာ တွေ့ခဲ့ရပါတယ်။
ပထမ ဖြန့်ဝေထားတဲ့ မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ် ဆိုတဲ့ပုံဟာ ၂၀၁၇ ခုနှစ်က ပုံသာဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်ပြင်ဆင်ထားတဲ့ ပုံချင်းတူနေတာကို အောက်ကလင်ခ့်မှာ ကြည့်နိုင်သလို သူတင်ထားတဲ့ ပုံတွေမှာလည်း ၂၀၁၇ ဆိုတဲ့ ခုနှစ်နံပါတ် ထင်ထင်ရှားရှားပါနေပါတယ်။
နောက်တခေါက် ထပ်ဖြန့်ထားတဲ့ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် ဆိုတာကလည်း ၂၀၁၈ ခုနှစ်က ပုံကိုပြန်လည် အသုံးပြုထားတာသာ ဖြစ်နေပါတယ်။ VOA က တင်ဆက်ထားခဲ့တဲ့ အောက်ကလင်ခ့်မှာ ဝင်ရောက်ကြည့်ရူ့နိုင်ပါတယ်။
သတင်းတုတွေဟာ ယခင်ဖြစ်စဥ်တွေက ပုံတွေကို ပြန်သုံးပြီး အခုပဲ ဖြစ်နေသယောင် မကြာခဏ ဖြန့်ဝေတတ်ကြပါတယ်။ အခုမှာဆိုရင်လည်း စကစ က သူတို့ကျင်းပတဲ့ သင်္ကြန်ပွဲမှာ ပြည်သူတွေဝင်ရောက် ပျော်ပါးနေသယောင် ဖြန့်ဝေထားဖြစ်ပါတယ်။
ဒီလို သတင်းတုတွေနဲ့ ပတ်သက်ရင် သတင်းတုသာ ဖြစ်ကြောင်းဖေ့ဘွတ်ခ်ကို ရပို့တင်လို့ ရပြီး ဝေခွဲမရဖြစ်ခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
%d bloggers like this: