Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>ပုဂံမှာ ဗုံးကွဲလို့ ဘုရားတချို့ ပြိုကျပျက်ဆီးနိုင်တယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူတွေ ဖြစ်စဥ်မှန်ကို လိုသလိုချဲ့ကားဖြန့်ဝေနေ
ဘာသာရေး

ပုဂံမှာ ဗုံးကွဲလို့ ဘုရားတချို့ ပြိုကျပျက်ဆီးနိုင်တယ်ဆိုပြီး အမျိုးသားရေးလှုပ်ရှားသူတွေ ဖြစ်စဥ်မှန်ကို လိုသလိုချဲ့ကားဖြန့်ဝေနေ

တွေးပြီးမှယုံ

မြန်မာ့ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံမြို့၊ မဟာဓမ္မရာဇိကဘုရားနားမှာ ဗုံးကွဲလို့ ဘုရားအချို့ ပြိုကျပျက်ဆီးနိုင်တယ်ဆိုတဲ့ ဖြစ်စဥ်အမှန်ကို လိုသလို ချဲ့ကားရေးထားတဲ့ သတင်းတခုကို အမျိုးသားရေး လှုပ်ရှားသူတွေ၊ တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြပါတယ်။

ဒီသတင်းကို Phyoeko Lin ဆိုတဲ့ အကောင့်တခုကနေ စတင်ထားပြီး စာထဲမှာဆိုရင် “ပုဂံတွင် ဗုံးကွဲ၊ မန္တလေးတိုင်းဒေသကြီး ပုဂံရှိ မဟာဓမ္မရာဇကဘုရားအနီးတွင် လွန်ခဲ့သော တနာရီခန့်ကဗုံးကွဲခဲ့ပြီး ဗုံး၏ပြင်းအားကြောင့်ဘုရားအချို့ ပြိုကျပျက်ဆီးနိုင်ဟု ဒေသခံတဦးမှ ရေးသားဖော်ပြထား” ဆိုပြီး ညွှန်းထားပါတယ်။ ဒီသတင်းကိုပဲ ဗုဒ္ဓဘာသာကလျာနယုဝအသင်း – YMBA နာမည်ပြောင်း ဗုဒ္ဓဘာသာအမျိုးသားရေးစာမျက်နှာ လို အမျိုးသားရေး လှုပ်ရှားတဲ့ အဖွဲ့တွေကနေ ဆက်လက်ဖြန့်ဝေနေပြီး တော်လှန်ရေးအင်အားစုတွေကို ဗုဒ္ဓဘာသာအမွေအနှစ်တွေကို ဖျက်ဆီးနေသူတွေဆိုပြီး ပုံဖော် နှပ်ကြောင်းပေးထားတဲ့ သုံးသပ်ချက်တွေကိုလည်း ဆက်လက်ဖော်ပြနေကြပါတယ်။

တွေးပြီးမှယုံ အနေနဲ့ ပုဂံဒေသခံတဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ဗုံးပေါက်ကွဲမှု ဖြစ်စဥ်မှာ မှန်ကန်သော်လည်း ပုဂံမြို့သစ်ရပ်၊ သူဌေးကန်ကျေးရွာမှာ ဖြစ်ပွားခဲ့တာ လို့ဆိုပြီး အဲ့ဒီရဲ့ အနီးအနားမှာ ရှေးဟောင်းဘုရားပုထိုးတွေ မရှိသလို မဟာဓမ္မရာဇက ဘုရားနဲ့လည်း အလှမ်းကွာတယ်လို့ ဆိုပါတယ်။

တွေးပြီးမှယုံကနေလည်း အဲ့ဒီနေရာနှစ်ခုရဲ့ အကွာအဝေးကို Google Map မှာ ကြည့်ခဲ့ရာ ၁.၄ ကီလိုမီတာအထိ ဝေးကွာပြီး ပုဂံမြို့ရှောင် လမ်းမကြီးလည်း ခြားနေပါတယ်။ အောက်ကလင်ခ့်မှာကြည့်နိုင်ပါတယ်။

https://maps.app.goo.gl/S8QBNbhPu8h5wPog6 ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုပြီး ကြေငြာချက်ထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။

အမျိုးသားရေးလှုပ်ရှားသူတွေ၊ တပ်ထောက်ခံသူတွေဟာ တော်လှန်ရေးအင်အားစုတွေကို ဗုဒ္ဓဘာသာ, သာသနာပြုဖျက်ဆီးနေသူတွေဆိုပြီး ဘာသာရေးနဲ့ နွီးနွှယ်တဲ့ အမုန်းစကားတွေ၊ သတင်းတုတွေနဲ့ မကြာခဏဆိုသလို တိုက်ခိုက် ပုံဖျက်လေ့ရှိပါတယ်။ ဒါကြောင့် ဒီလို ဖြစ်စဥ်အမှန်ကိုပဲ လိုသလို ချဲ့ကားဖော်ပြတာဟာ သတင်းတုပုံစံတွေထဲက တမျိုးဖြစ်ပါတယ်။ ဒီလို သတင်းတွေတက်လာရင် လွယ်လင့်တကူမယုံကြည်ကြပဲ လွတ်လပ်တဲ့မီဒီယာတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ အခက်အခဲတွေ ရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။
#factcheck
#thinkbeforeyoutrust

%d bloggers like this: