Home>>ဆောင်းပါး>>ဧပြီလအတွင်း တွေ့ရှိရသည့် သတင်းတု/မှားများ
ဆောင်းပါးပညာပေး

ဧပြီလအတွင်း တွေ့ရှိရသည့် သတင်းတု/မှားများ

အာဏာသိမ်းစစ်ကောင်စီသည် ယင်းတို့ မြန်မာနိုင်ငံအား ငြိမ်ဝပ်ပိပြားစွာ အုပ်ချုပ်နိုင်သည်ဟု ပုံဖော်အထင်မှတ်စေရန် ပုံဖော်လေ့ရှိသည်။ ဧပြီလတွင် ကျင်းပသည့် မြန်မာရိုးရာ သင်္ကြန်ပွဲတော်တွင် ယင်းတို့ ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော် စည်ကားသယောင် အထင်မှတ်စေရန်အတွက် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအား ရေကစားမဏ္ဍပ်သို့ မဖြစ်မနေ လာရောက် ရေကစားကြရန် ဖိအားပေးမှုများနှင့် ရေကစားသည့် ပုံစံတူကားများကိုသာ ယင်းတို့ မဏ္ဍပ်တဝိုက်တွင် လှည့်ပတ်နေစေခဲ့သည် ကို သတင်းမီဒီယာ အသီးသီး၏ ဖော်ပြချက်များ အရ တွေ့ရှိရသည်။ အဆိုပါကဲ့သို့ ပုံဖော်မှုများကို မြေပြင်ဖြစ်စဉ်များသာမက ဖေ့ဘွတ်ခ်တွင်လည်း ပုံဖော်ခဲ့ကြသည်။ ၎င်းတို့၏ ဝါဒဖြန့်ဖေ့ဘွတ်ခ်အကောင့်များ၊ ဂရုများနှင့် ပေ့ချ်များမှ ပုံအဟောင်းများ, ဗွီဒီယိုဖိုင်အဟောင်းများကို ပြန်လည်အသုံးပြု၍ သတင်းတု ဖြန့်ဝေခဲ့ကြသည်။ အာဏာသိမ်းစစ်ကောင်စီဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်ကို ပူးပေါင်းပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစု အသီးသီးမှ ကြေငြာချက်များ ထုတ်ပြန်ခဲ့သလို ပြည်သူများမှလည်း သပိတ်မှောက်ခြင်းဖြင့် တုန့်ပြန်ခဲ့ကြသည်။ အဆိုပါသတင်းတုကဲ့သို့ ပုံဖော်သည့် သတင်းတုများသည် ယခု သင်္ကြန်ပွဲတော်ကာလတွင်မှ ဖြန့်ဝေဝါဒဖြန့်ခဲ့ခြင်းမဟုတ်ပဲ စာသင်ကျောင်းများကို အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည့် အချိန်မှာလည်း ယခုကဲ့သို့ သတင်းတုများ ဖြန့်ဝေခဲ့ဖူးသည်။

 

၁။ စစ်ကောင်စီတပ်တွေ အကျအဆုံးများနေတဲ့ မြဝတီ အာရှလမ်းပေါ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအစိုးရကနေ KNU ကို သတိပေးဆိုတဲ့ သတင်းတု

ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမပိုင်းတွင် အာဏာသိမ်းစစ်တပ်နှင့် ကရင့်အမျိုးသားအစည်းအရုံး(KNU) တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယင်းလမ်းမပေါ်မှ တိုက်ပွဲများကြောင့် KNU ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှ တွေ့ဆုံခဲ့ပြီး ခေါ်ယူသတိပေးခဲ့ဆိုသည့် သတင်းတုတခု ပြန့်နှံ့ခဲ့သည်။ 

အဆိုပါသတင်းတုကို လင်းနေ #PVN ဆိုသည့် ရင်းမြစ်တခုအား ကိုးကား၍ ဖေဘွတ်ခ်သုံးစွဲသူများမှ ဖြန့်ဝေခဲ့ကြသည်။ 

အဆိုပါသတင်းတုနှင့် ပတ်သက်၍ တွေးပြီးမှယုံ မှ အချက်အလက်စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံမှ သတင်းမီဒီယာများအပြင် မြန်မာနိုင်ငံမှ တခြား လွတ်လပ်သည့် မီဒီယာ မည်သည့် မီဒီယာမျှ တင်ဆက်ထားသည်ကို မတွေ့ခဲ့ရပေ။ ယင်းအပြင် လင်းနေ #PVN ဆိုသည့် သတင်းရင်းမြစ်မှာလည်း အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်သတင်းတုများနှင့် အမုန်းစကားများကိုသာ တစိုက်မတ်မတ်ဖြန့်ဝေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းသို့ဖြင့် အဆိုပါ သတင်းအား သတင်းတုအဖြစ် တွေ့ရှိခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ယင်းတို့ အကျအဆုံးများသည့် တိုက်ပွဲများတွင် တိုက်ပွဲနှင့် နီးစပ်ရာ ကျေးရွာများ၊ မြို့များကို ဖျက်ဆီးတိုက်ခိုက်လေ့ရှိသည်။ အရပ်သားများနှင့် အိုးအိမ်တိုက်တာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပြီးတွင် တိုင်းရင်းသားလက်နက်ကိုင်မျာနှင့် PDF များ၏ လုပ်ရပ်ဖြစ်ကြောင်း ပြန်လှန်ပုံဖော်မှုများလည်း ရှိသည်။   Link

 

၂။ ပုံဟောင်းများကို ပြန်လည်အသုံး၍ အာဏာသိမ်းစစ်ကောင်စီမှ ဦးဆောင်ကျင်းပသည့် သင်္ကြန်စည်ကားသယောင် ဖြန့်ဝေခဲ့ကြသည့် သတင်းတု

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များမှ သင်္ကြန်ပွဲတော်၏ ဓါတ်ပုံအဟောင်းများကို ပြန်လည် အသုံးပြုပြီး အာဏာသိမ်းစစ်ကောင်စီမှ ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော် စည်ကားနေသယောင် သတင်းတုများကို ဖြန့်ဝေခဲ့ကြသည်၊

သတင်းတုကို ဟစ်တိုင် – အွန်လိုင်းသတင်းဌာန အမည်ရှိ ဖေ့ဘွတ်ခ်ပေ့ချ်မှ စတင်ဖြန့်ဝေခဲ့ပြီး မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်နှင့် ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ဟု ဆို၍ သတင်းဓါတ်ပုံများနှင့် သတင်းနှစ်ပုဒ်ဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူပေါင်း ၄၅၀ ကျော်နှင့် ၁၈၂၈ ဦးအထိရှိခဲ့သည်။

အဆိုပါသတင်းဓါတ်ပုံများနှင့် ပတ်သက်၍ ဓါတ်ပုံများကို ထပ်တူပြုစစ်ဆေးသည့် Google Reverse Image Search အသုံးပြု၍ စစ်ဆေးခဲ့ရာ ပထမ ဖြန့်ဝေထားခဲ့သည့် သတင်းတုမှာ ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ဖြစ်၍ ဒုတိယ သတင်းဓါတ်ပုံမှာ ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်မှ ဓါတ်ပုံအဟောင်းများကို ပြန်လည် အသုံးပြု ဖော်ပြခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ယင်းတို့၏ ဝါဒဖြန့်‌ဖေ့ဘွတ်ခ် အကောင့်များ၊ ပေ့ချ်များသည် အာဏာသိမ်းစစ်ကောင်စီ မှ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင် အုပ်ချုပ်နိုင်နေပြီ အထင်မြင်စေမည့် သတင်းတုများကို မကြာခဏဆိုသလို ဖြန့်ဝေလေ့ရှိသည်။ Link

 

၃။ ပုံအဟောင်းများနှင့် ဗွီဒီယိုဖိုင်အဟောင်းများကို ပြန်လည်အသုံးပြု၍ ၂၀၂၂ ခုနှစ် သင်္ကြန်စည်ကားနေသ‌ယောင် ဖြန့်ဝေနေမှုများ

အာဏာသိမ်းစစ်ကောင်စီမှ ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲများကို အများပြည်သူများမှ သပိတ်မှောက်ထားသကဲ့သို့ တော်လှန်ရေးအင်အားစုများမှလည်း ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် လှုံ့ဆော်ထားသည်။ သို့သော် အာဏာသိမ်းစစ်ကောင်စီသည် ယင်းတို့ ဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲများ စည်ကားနေသယောင် ပုံဖော်သတင်းတု ဖြန့်ဝေမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

ယခုသတင်းတုအား Ny Lynn Oo အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်တခုမှ ဧပြီ၊ ၁၃ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ပြန်လည်မျှဝေသူပေါင်း ၁၁၄၁ ဦးအထိရှိခဲ့သည်။ 

အဆိုပါဗွီဒီယိုဖိုင်နှင့် ပတ်သက်၍ နောက်ခံစတိတ်စင်နှင့် အခန်းအနားအပြင်အဆင်ပါ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခဲ့ရာ၂၀၁၉ ခုနှစ်၊ Thingyan Music Festival TMF မှ ဖြန့်ဝေထားခဲ့သည့် ဗွီဒီယိုဖိုင်အဟောင်းကို ပြန်လည်အသုံးပြုထားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ Link

 

၄။ သန်လျင် PDF မှ ဘုရားကုန်းလမ်းဆုံကို ခေတ္တသိမ်းပိုက်ဆိုသည့် ဖြစ်ရပ်မှန်ကို ချဲ့ကားရေးသားထားသည့် သတင်းတု။

သန်လျင် ဗိုလ်နဂါးတပ်ဖွဲ့မှ သန်လျင်မြို့၊ ဘုရားကုန်းလမ်းဆုံကို ခေတ္တသိမ်းပိုက် နိုင်ခဲ့သည် ဆိုသည့် ဖြစ်ရပ်မှန်ကို လိုအပ်သလို ချဲ့ကားရေးထားသည့် သတင်းတုတခု ပြန်နှံ့ခဲ့သည်။

ကျော်နေမင်း(မြို့ပြ) အမည်ရှိ ဖေ့ဘွတ်ခ် အကောင့်မှ ဧပြီ၊ ၁၈ ရက်နေ့ ရက်စွဲနှင့်  စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ စတင်ဖြန့်ဝေထားခဲ့သူမှာ ပြန်လည် ဖြုတ်ချခဲ့သော်လည်း တစုံတရာရှင်းလင်းခဲ့ခြင်း မရှိသောကြောင့် ထပ်ဆင့်ကူးယူဖော်ပြသူ အများအပြားရှိခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းတု စတင်ဖြန့်ဝေထားခဲ့သူဟာ ဖြစ်ရပ်မှန်တခုကို လိုအပ်သလိုပုံဖော်၍ ချဲ့ကားရေးသားထားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ဖြစ်စဉ်အမှန်မှာ သန်လျင်ဗိုလ်နဂါးတပ်ဖွဲ့မှ ဘုရားကုန်းလမ်းဆုံနေ ဒလန်ဟု သမုတ်ခံထားရသူ တဦးအား ရှင်းလင်းခဲ့ခြင်းသာဖြစ်ပြီး ဘုရားကုန်းလမ်းဆုံအား ခေတ္တသိမ်းပိုက်ခဲ့ခြင်း မဟုတ်ချေ။ ယင်းဖြစ်စဉ်အား သန်လျင် ဗိုလ်နဂါးအဖွဲ့မှလည်း သတင်းတုသာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

အဆိုပါကဲ့သို့ သတင်းတုများမှာ အမှန်တကယ်ဖြစ်ခဲ့သည့် ဖြစ်ရပ်များကို အသုံးပြု၍ လိုသလို ထပ်မံချဲ့ကားဖြန့်ဝေခြင်းဖြစ်သည်။ အာဏာသိမ်းပြီးစ ကာလများတွင်လည်း နိုင်ငံတကာ၏ တုန့်ပြန်မှုများအပေါ် လိုသလို ပုံဖော်၍ မျှော်လင့်ချက်အမှားများကို အခြေခံသည့် သတင်းတုများကို အများအပြား ဖြန့်ဝေခဲ့ကြသည်။ ယခုလို သတင်းတုများသည် ပြန်လည်ဖြေရှင်းရာတွင်လည်း မီဒီယာသိမှုပညာအားနည်းသည့် မြန်မာနိုင်ငံတွင် ငြင်းခုန်မှုများနှင့် မကြာခဏ ကြုံတွေ့ရသည်။ Link

 

၅။ ပုဂံတွင် ဗုံးပေါက်ကွဲ၍ ဘုရားတချို့ပြိုကျ ပျက်ဆီးနိုင်ဟု ဖြစ်စဉ်အမှန်ကို ချဲ့ကားဖော်ပြမှု

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဖြစ်သည့် မန္တလေးတိုင်း၊ ပုဂံမြို့သစ်ရှိ ကျေးရွာ တရွာတွင် ဗုံးပေါက်ကွဲခဲ့သည်အပေါ် ဘုရားစေတီများအနီးပေါက်ကွဲခြင်း၍ ဘုရားစေတီများ ပြိုကျပျက်ဆီးနိုင်သည်ဟု ဖြစ်စဉ်အမှန်ကို လိုအပ်သလို ချဲ့ကားရေးသားမှု တခုသည် အာဏာသိမ်းစစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူများမှ ဖြန့်ဝေခဲ့ကြသည်။

သတင်းတုကို Phyoeko Lin အမည်ရှိ ဖေ့ဘွတ်ခ်အကောင့်တခုမှ စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး သတင်းတုတွင် ပုဂံ၊ မဟာဓမ္မရာဇိက ဘုရားအနီးဗုံးကွဲ၍ ဘုရားစေတီတချို့ ပြိုကျပျက်ဆီးနိုင် လို့ ဖော်ပြထားပါတယ်။ ယင်းနောက် အဆိုပါ စာသားကိုကိုပဲ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း – YMBA အမည်ပြောင်း ဗုဒ္ဓဘာသာအမျိုးသားရေးစာမျက်နှာကဲ့သို့ အမျိုးသားရေး လှုပ်ရှားသူများ၏ ပေ့ချ်များ၊ အကောင့်များမှ အင်တိုက်အားတိုက် ကူးယူဖော်ပြခဲ့ကြပြီး တော်လှန်ရေးအင်အားစုများအပေါ် ဗုဒ္ဓဘာသာအမွေအနှစ်များကို ဖျက်ဆီးနေသူများဖြစ်သယောင် ပုံဖော်ဖြန့်ဝေမှုများကို နောက်ဆက်တွဲအနေဖြင့် ဖြန့်ဝေခဲ့ကြသည်။ 

အဆိုပါ ဗုံးကွဲသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အတည်ပြုရန်အတွက် ပုဂံဒေသခံတဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ပုဂံမြို့သစ်ရပ်၊ သူဌေးကန်ကျေးရွာ အနီး ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ယင်းနှင့် အနီးတဝိုက်တွင် ရှေးဟောင်းစေတီပုထိုးများ မရှိသလို မဟာဓမ္မရာဇိက စေတီနှင့်လည်း ဒေသအတိုင်းအတာအရ လယ်ကွင်း ၁၀ ကွင်းကျော် ကွာဝေသည်ဟု ဖြေဆိုခဲ့သည်။ အဆိုပါ အကွာအဝေးနှင့် ပတ်သက်၍ Google Map အသုံးပြု၍ အတည်ပြုခဲ့ရာ ၁.၄ ကီလိုမီတာ ကွာဝေးသည့် အပြင့် ပုဂံမြို့ရှောင်လမ်းမပင်ခြား နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ယခုကဲ့သို့ သတင်းတုများတွင် မည်သည့် အဖွဲ့အစည်းက ပြုလုပ်ကြောင်း မသိရသည်တိုင် PDF များဟုသာ လွယ်လင့်တကူ သမုတ်၍ သတင်းဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။ ပေါက်ကွဲမှုဖြစ်စဉ်များတွင် ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦးများနှင့် လူပုဂ္ဂိုလ်ထိခိုက်မှုများရှိလာခဲ့သည့် အခါများတွင် ပိုမို၍ ပုံဖော်သတင်းဖြန့်လေ့ရှိသည်။ ယခုကဲ့သို့ ဘာသာရေးနှင့် နှီးနွှယ်၍ NUG, PDF များအပေါ် ပြစ်တင်ရေးသားသည့် သတင်းတုဖြန့်ဝေမှုများသည် အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံသူများ ဝါဒဖြန့်နေကြ ဇာတ်ကြောင်းတခုဖြစ်သည့် NUG နှင့် PDF သည် ဗုဒ္ဓဘာသာကို ဖျက်ဆီး၍ အစ္စလာမ်နိုင်ငံတည်ထောင်တော့မည် ဆိုသည့် ဇာတ်ကြောင်းကို အထောက်အပံ့ပြု ဖြန့်ဝေခြင်းဖြစ်သည်။  Link

 

၆။ နွားထိုးကြီး – တောင်သာလမ်းတွင် PDF များမှ ဆက်ကြေးကောက်ခံဆိုသည့် သတင်းတု။

နွားထိုးကြီး PDF အဖွဲ့မှ နွားထိုးကြီး – တောင်သာလမ်းပိုင်း အသုံးပြုသွားလာနေသည့် ကားများအား စစ်တပ်ထုတ်ကုန်၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ၊ မရှိ စစ်ဆေးနေသည့် ဓါတ်ပုံများကို ပြန်လည်အသုံးပြု၍ PDF များ အများပြည်သူထံမှ ဆက်ကြေးကောက်နေသည် ဟုဆိုကာ သတင်းတုတခုပြန့်နှံ့ခဲ့သည်။

အဆိုပါသတင်းတုကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်သည့် Kyaw Swar မှ စတင်ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဝါဒဖြန့် ဖေ့ဘွတ်ခ်အကောင့်များမှ ထပ်ဆင့် ဖြန့်ဝေခဲ့ကြသည်။

သတင်းပါဓါတ်ပုံများနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ ဓါတ်ပုံများမှာ နွားထိုးကြီး PDF မှ ယင်းတို့၏ ဖေ့ဘွတ်ခ်ပေ့ချ်တွင် တင်ထားသည့် နွားထိုးကြီး – တောင်သာလမ်းပိုင်း အသုံးပြုသွားလာနေသည့် ကားများအား စစ်တပ်ထုတ်ကုန်၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိ၊ မရှိ စစ်ဆေးနေသည့် ဓါတ်ပုံများသာ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ သတင်းတုဖြန့်ဝေသူများသည် အဆိုပါ ဓါတ်ပုံများကို ပြန်လည်အသုံးပြု၍ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ Link

 

 

၇။ သတင်းတု သတင်းမှားနှင့် ပတ်သက်သည့် အသိပညာပေး ဗီဒီယို

တွေးပြီးမှယုံ စာမျက်နှာတွင် သတင်းတု သတင်းမှားနှင့် သတင်းဖတ်ရှုသူ ပြည်သူများအနေနှင့် သတင်းတု သတင်းမှားများကို ကိုယ်တိုင် လေ့လာဆန်းစစ်နိုင်ရန်နှင့် သတင်းအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးနိုင်ရန် ရည်ရွယ်၍ အသိပညာပေး သတင်းဆောင်းပါးများ ဗီဒီယိုဖိုင်များကို ဘာသာပြန် ဖော်ပြခဲ့သည်။ 

%d bloggers like this: