Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ယားနာဖြစ်ပွားမှုကို မျောက်ကျောက်ရောဂါဖြစ်သယောင် ဖြန့်ဝေနေတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ယားနာဖြစ်ပွားမှုကို မျောက်ကျောက်ရောဂါဖြစ်သယောင် ဖြန့်ဝေနေတဲ့ သတင်းတု

အမျိုးသားတဦးရဲ့ ကျောကုန်းမှာ အနီရောင်အဖုအပိန့်တွေ ထွက်နေတဲ့ပုံကို တင်ထားပြီး မြန်မာနိုင်ငံမှာပဲ မျောက်ကျောက်ရောဂါဖြစ်နေသယောင် ဖြန့်ဝေထားတဲ့ သတင်းဓါတ်ပုံတခုပြန့်နှံ့နေပါတယ်။
ဒီသတင်းကို Hsu Shwe Yee Thun နံမည်နဲ့ ဖေ့ဘွတ်ခ်အသုံးပြုသူတဦးကနေ စတင်ထားပြီး အခုဆိုရင် ၆၉၇၆ ဦးအထိ ပြန်နှံ့နေပြီဖြစ်ပါတယ်။
ဒီသတင်းဓါတ်ပုံ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ မျောက်ကျောက်ရောဂါဖြစ်ပွားခဲ့တဲ့ ဓါတ်ပုံမဟုတ်တာကို တွေ့ခဲ့ရပါတယ်။
ဒီဓါတ်ပုံတွေကို Htin Lin Aung နံမည်နဲ့ ဖေ့ဘွတ်ခ် အသုံးပြုသူတဦးကနေ မူရင်းဖြန့်ဝေထားတာကို တွေ့ရပါတယ်။ အဆိုပါ Htin Lin Aung အကောင့်ပိုင်ရှင်မှာ ပုလဲအရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်ပြီး မူရင်းဓါတ်ပုံမှာလည်း ပုလဲမေတ္တာ(အခမဲ့ ဆေးကုခန်းနှင့် ဆေးပေးခန်း) သို့ ၂၂,၅,၂၀၂၂ ရက်နေ့ က ဆေးခန်းလာပြတဲ့ လူနာတွေရဲ့ ဓါတ်ပုံသာ ဖြစ်နေပါတယ်။
မူရင်းပုံလင့်ခ် – http://surl.li/caqvn
ဒါအပြင် ဓါတ်ပုံထဲက လူနာဟာ ကားအောက်မှာ ကားဝင်ပြင်တဲ့အချိန် အခင်းမခင်းပဲ ဝင်ပြင်ခဲ့လို့ ယားနာပေါက်တာသာ ဖြစ်တယ်လို့ Htin Lin Aung အကောင့်ကနေ ထပ်မံရှင်းလင်းထားတာကိုလည်း အောက်ကလင့်ခ်မှာ တွေ့နိုင်ပါတယ်။ – http://surl.li/caqve
ဒီသတင်းနဲ့ ပတ်သက်လို့ ဆရာဝန်တဦးကလည်း နွေအကုန် မိုးအကူးလိုမျိုး ပူအိုက်စိုစွတ်တဲ့ရာသီဥတုဟာ အရေပြားရောဂါတွေ လွယ်လင့်တကူဖြစ်ပွားတတ်ကြကြောင်း မှတ်ချက်ပြုပါတယ်။
မျောက်ကျောက်(Monkeypox) ရောဂါဟာ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ဩစတြေးလျ၊ အစ္စရေးနဲ့ ဥရောပနိုင်ငံတွေမှာသာ တွေ့ရှိနေရပြီး အာရှတိုက်နိုင်ငံတွေအထိပင် ကူးစက်ပျံပွားလာတာမျိုး ကမ္ဘာမီဒီယာတွေမှာ ဖော်ပြထားတာမျိုး ခုချိန်ထိ မတွေ့ရသေးပါ။
မျောက်ကျောက်ရောဂါနဲ့ ပတ်သက်လို့ သတိထားဖွယ်ရာ လက္ခဏာတွေနဲ့ ဆောင်ရန်ရှောင်တွေကိုလည်း အောက်ကလင်ခ့်တွေမှာ ဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ COVID -19 ရဲ့ ဒုတိယလှိုင်းရိုက်ခတ်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရပြီး လူဦးရေအများအပြားသေကျေပျက်ဆီးခဲ့ရတာကြောင့် ကပ်ရောဂါတွေကို စိုးရိမ်တကြီးရှိကြပါတယ်။
အခုလိုမျိုး စိုးရိမ်တကြီးရှိနေချိန်မှာ အချက်အလက်မမှန်ကန်တဲ့ သတင်းတုတွေကြောင့် သတင်းအမှန်များကို ဖုံးလွှမ်းစေသလို မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေလည်း တိုးစေပါတယ်။ ဒါကြောင့် အခုလို သတင်းတွေနဲ့ ပတ်သက်ရင် လွတ်လပ်တဲ့ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ကြည့်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ အခက်အခဲတစုံတရာရှိခဲ့ရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းနိင်ပါတယ်။
%d bloggers like this: