သူငယ်ချင်းတို့ရေ…
လူမှုကွန်ရက်စာမျက်နှာတွေမှာ အထူးသဖြင့် လူသုံးများတဲ့ Facebook မှာ သတင်းတွေက ပြန့်နှံ့တာ လွယ်ကူကြပါတယ်။ ဒီလို သတင်းတွေထဲမှ သတင်းမှားတွေဟာ လူမှုကွန်ယက်သုံးစွဲသူတွေကို လိမ်လည်လှည့်ဖျားကြတာ ပိုလွယ်ကူကြပါတယ်။ ဒီလိုသတင်းမှားတွေ စစ်ဆေးတဲ့အခါမှာ သတင်းအရင်းမြစ်တွေဟာလည်း အရေးကြီးသလို၊ သတင်းကို ဖော်ပြတဲ့ အချိန် နေ့ရက် တွေဟာလည်း သတင်းတစ်ပုဒ်အတွက် အလွန်အရေးကြီးပါတယ်။
သတင်းတစ်ခုကို ပြန်လည်ကူးယူဖော်ပြကြတဲ့အခါ သတင်းဟောင်း ဒါမှမဟုတ် အချိန် နေ့ရက်တွေကို ဖျောက်ပြီး ယခုဖြစ်နေသယောင် ကူးယူဖော်ထားတာနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
“ခိုးဝင်မွတ်ဆလင်များဘက်မှ အကာအကွယ်ပေးသူ အမျိုးသမီးအမတ်ကို သေနတ်နဲ့ ပစ်ခတ်ပြီး ဓားနှင့်အချက်ပေါင်းများစွာထိုးသတ်” ဆိုတဲ့ ဒီသတင်းဟာ ဖြစ်ပျက်ခဲ့တဲ့ အချိန် နေ့ရက်တွေကို ထိန်ချန်ထားပြီး ဗြိတိန်နိုင်ငံမှာ ယခုဖြစ်နေသယောင် ပြန်လည်ကူးယူဖော်ပြထားတဲ့ သတင်းတစ်ပုဒ်သာဖြစ်ပါတယ်။
တကယ်တော့ ဒီသတင်းဟာ ၂၀၁၆ ခုနှစ် ဇွန်လက သတင်းဟောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ သတင်းပါ ဓာတ်ပုံတွေကို ကြည့်ရင်လည်း ခုနှစ် နေ့စွဲတွေကို သိရှိနိုင်ပါတယ်။
သူငယ်ချင်းတို့ရေ… သတင်းတစ်ခု ဖတ်မိလို့ မသင်္ကာတဲ့အခါ သတင်းမှာပါတဲ့ ဓာတ်ပုံတွေကို စစ်ဆေးကြည့်ဖို့လိုပါတယ်။ သတင်းပါ ဓာတ်ပုံတွေ မှန်ကန်မှုရှိ/မရှိ စစ်ဆေးတဲ့အခါ google image search မှာ ဒါမှမဟုတ် ဖုန်း application ဖြစ်တဲ့ reverse image search တို့မှာ ကိုယ်တိုင်စစ်ဆေးလို့ ရပါတယ်။ ဒီလိုစစ်ဆေးဖို့ မအားရင်လည်း တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့ရပါတယ်နော်။