သူငယ်ချင်တို့ရေ…
သတင်းမှားတွေ အမျိုးအစားထဲမှ စာဖတ်သူ (ဝါ) အွန်လိုင်းအသုံးပြုသူတွေကို နားလည်မှုလွဲမှားအောင် သတင်းမှားဖန်တီးတဲ့သူတွေက ပြုလုပ်တတ်ပါတယ်။ ဒီလိုသတင်းတွေက သတင်းအကြောင်းအရာတွေ ပြန်လည်ကူးယူဖော်ပြကြတဲ့အခါ သတင်းခေါင်းစဉ်ကို လိုသလို ပြောင်းလဲတာ၊ ဒါမှမဟုတ် သတင်းပါ အကြောင်းအရာနဲ့ ဓာတ်ပုံတွေကို ဆက်စပ်မှုမရှိပဲ ဖော်ပြကြပါတယ်။ ဒီလို လူတွေကို နားလည်မှုလွဲအောင် ပြုလုပ်တဲ့ သတင်းမှားနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံရဲ့ တွေ့ရှိချက်လေးကို ဖော်ပြပေးလိုက်ပါတယ်။
ဒီသတင်းကတော့ “AA သောင်းကျန်းသူအဖွဲ့မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိဆိုတဲ့” သတင်းဟာ မူလသတင်းကို ပြန်လည်ကူးယူဖော်ပြတဲ့အခါမှာ သတင်းခေါင်းစဉ်ကို လိုသလို ရေးသားထားပြီး၊ လူတွေပိုစိတ်ဝင်စားမှုရှိအောင် ဆက်စပ်မှုမရှိတဲ့ သတင်းဓာတ်ပုံတွေ ယူသုံးထားတာ တွေ့ရပါတယ်။
(၁) သတင်းခေါင်းစဉ်အမှန်မှာ “အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ကျပ် ၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ WY ဆေးပြားများ ဖမ်းမိဆိုတဲ့” သတင်းခေါင်းစဉ်နဲ့ The Voice မှာ ဖော်ပြထားတာတွေ့ရသလို၊
(၂) သတင်းမှားမှာ ဖော်ပြပြထားတဲ့ ဓာတ်ပုံတွေဟာ မူရင်းသတင်းဌာနဖြစ်တဲ့ The Voice မှာလည်း ဓာတ်ပုံတွေကို ဖော်ပြထားခြင်းမရှိပါဘူး၊
(၃) သတင်းမှားမှာဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ် ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တဲ့ သတင်းဓာတ်ပုံတွေကို ယူသုံးထားတာဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ…
သတင်းတုတွေက အချက်အလက်အမှားတွေ၊ ဓာတ်ပုံအတုတွေနဲ့ သူငယ်ချင်းတို့ရဲ့စိတ်ကိုအမြဲအနှောင့်အယှက်ပေးနေပါလိမ့်မယ်။ ကိုယ်ဖတ်လိုက်ရတဲ့ သတင်းဟာ မှားသလား၊ မှန်သလားဆိုတာ သတင်းမှာပါတဲ့စာပါအကြောင်းအရာ တင်မကပဲဓာတ်ပုံကိုပါ Google Image Search နဲ့စစ်ဆေးလို့ရပါတယ်။ Facebook အသုံးပြုနေသ၍ ဒီအမှိုက်တွေကသူငယ်ချင်းတို့ရဲ့ News Feed မှာ ပေါ်လာပါလိမ့်ဦးမယ်။ ဖတ်ပါ။ စဉ်းစားပါ။ စစ်ဆေးပါ။ ပြီးမှယုံပါ။