သူငယ်ချင်းတို့ရေ…..
တကမ္ဘာလုံး COVID-19 ကိုရင်ဆိုင်နေရတဲ့ အခြေအနေမှာ ကိုဗစ်နဲ့ ပက်သက်တဲ့ သတင်းတုတွေဟာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေပါတယ်။ အခု တစ်ခါ တွေ့ရှိရတဲ့ သတင်းတုကတော့ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကူသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အများပြည်သူများမှ အလှူငွေများ ထည့်ဝင်လှူဒါန်းမှု စာရင်း” ဆိုတဲ့ အလှူစာရင်းပါ။
ဒီသတင်းကို တွေးပြီးမှယုံက စစ်ကြည့်လိုက်တဲ့အခါမှာ ၂၆.၃.၂၀၂၀ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၃) မှာပါဝင်တဲ့ “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကူသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အများပြည်သူများမှ အလှူငွေများ ထည့်ဝင်လှူဒါန်းမှု စာရင်း” ဆိုတဲ့ အလှူစာရင်းရဲ့ ထိပ်ပိုင်း ၈ ဦးကို ပြုပြင်ထားကာ သတင်းဓါတ်ပုံတု ပြုလုပ်ထားကြောင်း သိလိုက်ရပါတယ်။
သတင်းခေါင်းစဉ် စာသား အားလုံးကိုယူသုံးထားတဲ့ ဒီသတင်းဓါတ်ပုံ အတုမှာဆိုရင် NLD နဲ့ အခြားသူများရဲ့ လှူဒါန်းမှုကို ဖျက်ထားပြီး ဗိုလ်ချုပ်ဟောင်း၊ ဗိုလ်မှူးဟောင်း၊ သမ္မတဟောင်း၊ USDP နဲ့ ခရိုနီ တွေအပြင် အမျိုးသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ် အပါအဝင် ပါဝင်လှူဒါန်းတယ် ဆိုပြီး အတုပြုလုပ်ထားတာပါ။
COVID-19 ကြောင့် ကပ်ဆိုက်နေတဲ့ အခြေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ပြုလုပ်မယ့် အချိန်တွေ တိုက်ဆိုင်သွားတာကြောင့် မဲဆွယ်ဖို့ အကောင်းဆုံး အခြေအနေတွေပါ။
ဒါတွေကို အသုံးချပြီးတော့ ရည်ရွယ်ချက် တမျိုးစီနဲ့ သတင်းတုတွေ ပြုလုပ်နေတဲ့အထဲမှာ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတို့အနေနဲ့ ဂျင်းမိမခံကြပါနဲ့နော်။