သူငယ်ချင်းတို့ရေ…..
COVID – 19 ကပ်ရောဂါ ကာလအတွင်း ရောဂါပြန့်ပွားမှု မရှိစေဖို့ ရည်ရွယ်ပြီး လူစုလူဝေးများ မစုဝေးကြဖို့ အစိုးရက သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် အမိန့်ကြေငြာစာများထုတ်ပြန်ထားပါတယ်။ ဒီလို ထုတ်ပြန်ထားချိန်မှာ ညွှန့်ဝင်း ဆိုတဲ့ Facebook အကောင့်ကနေ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးဆည်မှာ လူတွေ ရေကစားနေကြတယ် ဆိုတဲ့ သဘောသက်ရောက်စေတဲ့ “ကာဘိုးက လူကြီးတွေ ဒီအတိုင်းဘဲ ကြည့်နေတော့မှာလား” လို့ရေးသားထားတဲ့ သတင်းတုကို ဖြန့်ဝေထားပါတယ်။ ဒီသတင်းတုဟာဆိုရင် 2.9K Share ရှိနေပါပြီ။

သတင်းတုမှာပါဝင်တဲ့ သတင်းဓါတ်ပုံတွေက ယမန်နှစ် ကာဘိုးဆည်မှာ လူအများရဆော့ကစားနေတဲ့ ပုံတွေပဲဖြစ်ပါတယ်။ အဆိုပါသတင်းတုဟာ အများပြည်သူတွေကို အထိတ်တလန့် ဖြစ်စေပါတယ်။
ယခုအခါ ကာဘိုးဆည်မှာ ရေကစားခွင့် ပေးမထားကြောင်း ဆည်၏ ဝန်းကျင်မှာ ကြော်ငြာစာများ၊ ဗွီနိုင်များကပ်၍ ကြေငြာထားပါတယ်။ ကာဘိုးဆည်၏ လက်ရှိအနေအထားကို ဒီနေရာမှာ ဝင်ကြည့်လို့ရပါတယ်။

ကပ်ရောဂါ ကာလအတွင်း အစိုးရ၏ ထုတ်ပြန်ချက်တွေကို ချိုးဖောက်နေကြကြောင်း သတင်းတုတွေဟာ လူအများထိတ်လန့်စေသလိုပဲ တခြားဒေသတွေမှာလည်း ယခု သတင်းတုလို ချိုးဖောက်ကြဖို့ အားပေးရာရောက်နေပါတယ်။ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေ နေနဲ့လည်း ဒီလို သတင်းတုတွေ တွေ့ရှိခဲ့ရင် တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။