သူငယ်ချင်းတို့ရေ….
အခုတခါ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ Facebook Group တွေနဲ့ လူလည်ကျပြီး ဘယ်လို ဝင်ငွေရှာသလဲ ဆိုတာပါပဲ။
အရင်က တွေးပြီးမှယုံကနေ မတ်လ ၃၁, ၂၀၂၀ မှာ COVID-19 Myanmar အမည်နဲ့ စတင်ဖွဲ့စည်းထားပြီး ဧပြီ ၂ ရက်နေ့မှာ Aung San Su Kyi ထူးခြားသတင်းရှာဖွေရေး ဂရု လို့ အမည်ပြောင်းထားတဲ့ Facebook Group မှာ “COVID-19 ကပ်ရောဂါကို အသုံးချပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဖောက်ယူဖို့ကြိုးစားနေတဲ့ စိုးရိမ်ဖွယ်ရာ သတင်းတု” ဆိုတဲ့အကြောင်းကို ဖတ်ပြီးကြပြီထင်ပါတယ်။ စားနှပ်ရိက္ခာတွေကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ဖို့ လိပ်စာတွေ ရေးထားခဲ့ဖို့ ညွှန်ကြားတဲ့ အဲ့ဒီသတင်းတုကို လိုက်လံဖြန့်ဝေနေတဲ့ အကောင့်က Shar Pay ဆိုတဲ့ အကောင့်အမည်နဲ့ဖြစ်ပြီးတော့ နောက်တဖန် သန့်ရှင်းသော စိတ်ဓါတ်ပိုင်ရှင်ဆိုတဲ့ အမည်နဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် အလုပ်သမားခေါ်ယူခြင်းဆိုပြီး ဘီလ်ဂိတ်ရဲ့ ပုံတွေကိုအသုံးပြုပြီး သတင်းမှားကိုလဲ အရင်နည်းအတိုင်း လိုက်လံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဟုတ်တယ် vs မဟုတ်ဘူးက ယခုလို ပြန်လည်ရှင်းပြထားပါတယ်။
အဆိုပါ Shar Pay ဆိုတဲ့ အကောင့်ဟာ သန့်ရှင်းသော စိတ်ဓါတ်ပိုင်ရှင် ဆိုတဲ့ အမည်ပြောင်းပြီး သတင်းတုတွေကို ဆက်လက် ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။ အဲ့သလို အကောင့်တစ်ခုထဲဖြစ်တဲ့အကြောင်းကိုတော့ အဆိုပါဂရု အဖွဲ့ဝင်တယောက်က ပြန်လည်ရှင်းပြထားပါသေးတယ်။ Shar Pay ဆိုတဲ့အကောင့်တုဟာ မတ်လကုန်ပိုင်းထဲမှာမှ စတင်အသုံးပြုထားတာဖြစ်ပြီး တရားမဝင် ၂ လုံး ၃ လုံး နဲ့ ပတ်သက်တာတွေကိုပဲ တင်ထားတာဖြစ်ပါတယ်။
အဲ့ဒီ ဂရုမှာပဲ တဖန်ပြီးတွေ့နေရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံမှာ တရားမဝင်လောင်းကစားလို့ သတ်မှတ်ထားတဲ့ ၂လုံးထီ အကြောင်းကို တင်ထားပြီး ဂရုမှာ ကြော်ငြာချင်ရင် ဖုန်းဘေလ် တစ်ထောင်တန် ဆယ်ကဒ်, တစ်သောင်းအနည်းဆုံး ပေးရမှာဖြစ်ပြီး ကြော်ငြာပိုစ့်ကို ဂရုရဲ့ ထိတ်ဆုံးမှာ ထားပေးမှာ ဖြစ်တဲ့အကြောင်း ရေးသားထားပြီး ကြော်ငြာထားပါတယ်။
ကပ်ရောဂါကို ရင်ဆိုင်နေကြတဲ့ အခုလို ကာလကိုအခွင့်ကောင်းယူပြီး ဂရု အမည်ကို Covid-19 Myanmar လို့ စတင်အမည်ပေးပြီးမှ Aung San Su Kyi ထူးခြားသတင်းရှာဖွေရေး ဂရုလို့ အမည်ပြောင်းလိုက်တာ, အကောင့်တုနဲ့ ဒစ်ဂျစ်တယ် အသိပညာနည်းပါးတဲ့သူတွေကို အသုံးချပြီး လိပ်စာ၊ ဖုန်းနံပါတ်တွေ ရယူပြီး သတင်းတုဖြန့်ဝေတာ, အကျပ်အတည်းကာလရဲ့ ထွက်ပေါက်ဖြစ်တဲ့ တရားမဝင်လောင်းကစားတွေ, ကြော်ငြာ တွေနဲ့ မြူစွယ်ပြီး ဝင်ငွေရှာနေတာတွေက ကိုယ်ကျိုးအမြတ်ရှာပြီး နိုင်ငံရေး စီးပွားရေး အမြတ်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ဒါကတော့ တွေးပြီးမှယုံက တွေ့ရှိရတဲ့ သတင်းတုဖြန့်ဝေပုံ, ဂရုအဖွဲ့ဝင်စုစည်းပုံ နဲ့ ကိုယ်ကျိုးရှာနည်း အသစ်တွေပါ။ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေ အနေနဲ့လည်း တခြားသူတွေရဲ့ ကိုယ်ကျိုးရှာတဲ့ နေရာမှာ အသုံးချခံ မဖြစ်ဖို့ Facebook သုံးရင် သတင်းဖတ်ရင် သံသယစိတ်နဲ့သာ ဖတ်စေလိုပါတယ်။ တခုခု အဆင်မပြေတာတွေ့ပြီ ဆိုတာနဲ့ တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းဖို့ကိုလည်း မမေ့ပါနဲ့နော်။