ခုတစ်ခေါက် တွေးပြီးမှယုံ ကနေ တွေ့ရှိထားတဲ့ သတင်းတုတစ်ခုဟာ ဆိုရင် “မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တကျော့ပြန် ဖြစ်ပွားလာလို့ မြန်မာနိုင်ငံဘက်က တရားမဝင်, ဝင်ရောက်လာမဲ့ သူတွေကို ထိုင်းအစိုးရကနေ ထိုင်းစစ်တပ်ကို ပစ်မိန့်ပေးလိုက်တယ်” ဆိုတဲ့သတင်းတုပဲ ဖြစ်ပါတယ်။
သတင်းတုထဲမှာပါတဲ့ အကြောင်းအရာတွေကတော့ “မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့လူဦးရေ စံချိန်တင် မြင့်တက်လာမှု သတင်းတက်လာပြီးနောက် မြန်မာနိုင်ငံနှင့် အနီးဆုံး နယ်စပ်အိမ်နီးချင်း ထိုင်းနိုင်ငံသည် အထူးကြောက်ရွံ့ပြီး ထိုင်း မြန်မာနယ်စပ် ဂိတ်ပေါက်အားလုံးမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိသည်ဟု ထိုင်းအစိုးရက စစ်တပ်အား အာဏာပေးလိုက်သည်…” စတာတွေ ပါဝင်ပါတယ်။
သတင်းတုကို Shwe Sin May ဆိုတဲ့ အကောင့်တုတစ်ခုက ဩဂုတ်လ ၂၈ရက်နေ့က တင်ထားခဲ့ပြီး ပိုစ့်ကို ပြန်လည်မျှဝေသူပေါင်း ၆၁၆ ယောက်ရှိနေပြီဖြစ်ပါတယ်။ ဩဂုတ်လ ၂၈နေ့မှာပဲ THUTASONEနဲ့ SHWEMAN.WEBSITE ဆိုတဲ့ သတင်းမီဒီယာ Website ကနေလည်း ဒီသတင်းတုကို တင်ထားတာတွေ့ခဲ့ရပါတယ်။
သတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာ
- ထိုင်း- မြန်မာနယ်စပ်တလျှောက် တရားမဝင်ခိုးဝင်လာသူများကို ထိုင်းအစိုးရပစ်မိန့်ပေးထားတယ်ဆိုတဲ့ သတင်းမှာ မဟုတ်မမှန်ကြောင်း နယ်စပ်အခြေစိုက် ထိုင်းအာဏာပိုင်တို့မှ သိရတယ်ဆိုပြီး မွန်သတင်းအေဂျင်စီ ကပြန်လည်ရှင်းထားတာကို တွေ့ရှိရပါတယ်။
- Eleven Media ကနေလည်း ဒီသတင်းဟာ မဟုတ်မှန်ကြောင်း အခုလို ပြန်လည်ရှင်းပြထားပါတယ်။
- ထိုင်းဘာသာ နဲ့ Video ပါ စာသားတွေကိုလည်း Google Translate နဲ့စစ်ဆေးကြည့်ရာ “မယ်စဲ့ခရိုင် ၊ ထိုင်း-မြန်မာနယ်စပ်ကို စစ်ဆေးဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ပြီး တရားမဝင်လမ်းဆုံတွေကို တားဆီးရန်အတွက်” ဖြစ်နေတာကိုတွေ့ရပါတယ်။
- ပိုစ့်တင်ထားတဲ့ Shwe Sin May ဆိုတဲ့အကောင့်ကိုလည်း သတင်းတုနဲ့ပတ်သက်ပြီး သွားရောက်မေးမြန်းတဲ့အခါမှာလည်း ပြန်လည်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။
- Shwe Sin May အကောင့်ပိုင်ရှင်ကတော့ ယနေ့ည ၁၀း၅၅ ချိန်မှာ မှားယွင်းဖော်ပြမိ၍ တင်ထားခဲ့သော ပိုစ့်ကို ပြန်ဖျက်ခဲ့ပါတယ်လို့ အကြောင်းပြန်လာခဲ့ပါတယ်။
COVID-19 နဲ့ပတ်သက်ပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်နေချိန် ဒီလို ခေါင်းစဉ်အမှားတွေနဲ့သတင်းတုတွေဟာ ပြည်သူတွေကြား လွယ်လင့်တကူယုံကြည်နိုင်စေပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း သတင်းတွေဖတ်တဲ့အခါ သတင်းအရင်းအမြစ်နဲ့ ဘယ်သတင်းဌာနက တင်ထားတာလဲဆိုတာကို သတိပြုဖို့လိုပါတယ်။ သတင်းတုလို့ယူဆရရင်ပဲဖြစ်ဖြစ်၊ စစ်ဆေးဖို့အခက်အခဲရှိနေရင်ပဲဖြစ်ဖြစ် တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။ တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။