ဒီသတင်းကို မေ ၁၃ ရက်နေ့မှာ CRPH Updates & Uprising New Dawei ဆိုတဲ့ Facebook Group မှာ Nan Mo Zin Phu နာမည်နဲ့အကောင့်ကနေ ဖြန့်ဝေထားခဲ့ပြီး ထပ်ဆင့်မျှဝေသူပေါင်း ၁၆၈၄ ဦး ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် တခြားအကောင့်တွေကလည်း ပြန်လည်ကူးယူပြီးဖြန့်ဝေထားတာတွေ့ရပါတယ်။
သတင်းတုထဲမှာဆိုရင် “မင်းတပ်ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်ကြောင်းနဲ့ PDF မှ ထွေအုပ်၊ မြန်မာ့စီးပွါးရေးဘဏ်နဲ့ ၂၇၄တပ်ရင်းကို သိမ်းပိုက်လိုက်ကြောင်း” ရေးထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုဖို့အတွက် တွေးပြီးမှယုံကနေ မင်းတပ်မြို့အခြေအနေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ နောက်ဆုံးရ သတင်းဖော်ပြချက်တွေနဲ့ အချက်အလက်တိုက်စစ်ဆေးကြည့်ရာ မရေရာတဲ့ ကောလဟာလ သတင်းတစ်ပုဒ်သာဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။
မင်းတပ် ဒေသခံ တစ်ဦးမှ အဆိုပါ သတင်းဟာ သတင်းတုသာဖြစ်ကြောင်း တွေးပြီးမှယုံကို တည်ပြု ပြောကြားခဲ့ပါတယ်။
မင်းတပ်မြို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့လွတ်လပ်တဲ့ မီဒီယာတွေဖြစ်တဲ့ Ayeyarwaddy Times ရဲ့သတင်းဖော်ပြချက်တွေမှာဆိုရင် “မင်းတပ်မြို့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တပ်အင်အားတိုးချဲ့ပြီး လေယာဉ်များပျံဝဲနေကြောင်း ဒေသခံတချို့နဲ့ ဆက်သွယ်ရကြောင်း ဖော်ပြထားပြီး Khit Thit Media က လက်ရှိအချိန်ထိလည်း စစ်ရေးတင်းမာလျက်ရှိကြောင်း ဖော်ပြထားကြပါတယ်။
အခုလို သတင်းတုတွေ လွဲမှားတဲ့ အချက်အလက်တွေကြောင့် ဒေသတွင်းက ပကတိ အခြေအနေကို သတင်းအချက်အလက်အမှားတွေနဲ့ ဖုံးကွယ်သွားနိုင်ပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် တခြားလုပ်ငန်းတာဝန်တွေ နှောင့်နှေးစေနိုင်ပါတယ်။
ဒါကြောင့် စာဖတ်သူတွေအနေနဲ့ အခုလို ရင်းမြစ်ဖော်ပြမထားတဲ့ သတင်းတွေကို လွယ်လင့်တကူမယုံကြည်ကြဖို့တိုက်တွန်းလိုပါတယ်။ သတင်းတုလို့ သံသယရှိတာနဲ့ တွေးပြီးမှယုံရဲ့ Chat box မှာလာရောက်မေးမြန်းနိုင်ပါတယ်။