မေ ၁၅ ရက်နေ့ကနေ့မှာ အာဏာသိမ်းစစ်ကောင်စီဟာ မင်းတပ်မြို့ကို လက်နက်၊ လူသူအင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့မှုကြောင့် မင်းတပ်ကာကွယ်ရေးတပ်က နောက်ဆုတ်ပေးခဲ့ရသလို လူနေအိမ်တွေပျက်ဆီး၊ အပြစ်မဲ့ပြည်သူတွေ သေကြေခဲ့ရပါတယ်။
များမကြာခင်မှာပဲ မင်းတပ်မြို့ရဲ့ ဒလံစာရင်းဆိုပြီး အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံက ထုတ်လွှင့်ချက်တစ်ခုကို ဖော်ပြထားတဲ့ ဓါတ်ပုံတပုံလိုင်းပေါ်ပျံ့နှံ့လာခဲ့ပါတယ်။ ဒီဓါတ်ပုံထဲမှာဆိုရင် ကျေးဇူးတင်လွှာ ခေါင်းစဥ်နဲ့ လူပုဂ္ဂိုလ်တွေ၊ ဟိုတယ်တွေကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။ ရုပ်သံနောက်ဆုံးအပိုင်း ကျေးဇူးတင်လွှာကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မင်းတပ်မြို့ရဲ့ ဒလန်တွေဆိုပြီး သတင်းအမှားဖြန့်လာတာမျိုးတွေ တွေ့ရှိလာရပါတယ်။
MRTV ရဲ့ ရုပ်သံလွင့်ချက်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ်နှင့် သက်ဆိုင်သည့် သတင်းများကို ဦးစားပေးဖော်ပြနေသည့် Zalen Media က “မင်းတပ်ရဲ့ ဒလန်တွေ MRTV ချပြဆိုတဲ့ စာ ကာယကံရှင်ကိုယ်တိုင်ဖြေရှင်း” ဆိုပြီး ပြန်လည်ရှင်းလင်းတင်ပြထားခဲ့ပါတယ်။
အဆိုပါရုပ်သံက ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်လောက်က ရိုက်ခဲ့တဲ့ ရုပ်သံဖြစ်ပြီး စစ်ကောင်စီရဲ့ ဖြိုခွင်းမှုနဲ့ အချိန်ကိုက်ပြသခဲ့ကာ ကျေးဇူးတင်လွှာကို ဒလန်လို့ လူမှုကွန်ယက်မှာ ဖြန့်ဝေမှုတွေကြောင့် ကိုယ်တိုင်ကူညီခဲ့တဲ့ ဦးဇင်း(ယခုလူထွက်) က ပြန်လည်ဖြေရှင်းခဲ့တာပါ။
မင်းတပ်မြို့ရဲ့ လက်ရှိအခြေအနေမှာ အတည်ပြုဖို့ ခက်ခဲတဲ့ သတင်းတွေအမြောက်အများထွက်ပေါ်နေပါတယ်။ မင်းတပ်မြို့နဲ့ပတ်သက်လို့ လွတ်လပ်တဲ့မီဒီယာတွေဆီက သတင်းဖော်ပြမှုမျိုးတွေကိုသာ စောင့်ကြည့်ပြီး အတည်ပြုကြဖို့ တိုက်တွန်းလိုပါတယ်။ သတင်းတုလို့ယူဆရင်ပဲဖြစ်ဖြစ် သတင်းစစ်ဖို့အခက်အခဲရှိရင်ပဲဖြစ်ဖြစ် တွေးပြီးမှယုံရဲ့ chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်။