ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် လာမယ့် ဇွန်၊ ၂၃ ရက်နေ့မှာ ICJ တရားရုံး ရုံးချိန်းရှိတယ်ဆိုတဲ့ သတင်းတခုပြန့်နှံ့နေပါတယ်။ ဒီသတင်းကို We Love Nobel သက်ထားစုကြည်ဆိုတဲ့ Facebook Group တခုကတင်ခဲ့တာဖြစ်ပြီး ခုချိန်မှာဆိုရင်တော့ like & react ၄ထောင်ကျော် ရှိနေပြီး ထပ်ဆင့်မျှဝေသူပေါင်း ၉၀၄ယောက်ရှိနေပြီဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာတော့ ဇွန်၊ ၂၃ ရက်နေ့ မဟုတ်ပဲ ဇူလိုင်၊ ၂၃ ရက်နေ့ မှသာ ရုံးချိန်းရှိကြောင်းတွေ့ခဲ့ရပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် တင်သွင်းထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကနေ ဇူလိုင်၊ ၂၃၊ ၂၀၂၁ မှာ လျှောက်လွဲချက်တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို Fortify Rights လူအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့ ရဲ့ Website မှာသွားရောက်ကြည့်ရှု့နိုင်ပါတယ်။ ဒါ့ကြောင့် 23.6.2021 ဆိုတဲ့ ရက်စွဲနဲ့ ပြန့်နေတဲ့သတင်းမှာ အမှတ်မှားနေတဲ့ သတင်းတခုသာဖြစ်ပါတယ်။
သတင်းတွေကိုဖတ်ရှုတဲ့အခါ အချိန်၊ နေရာ၊ ရက်စွဲတို့ကို သတိပြုဖို့လိုအပ်ပါတယ်။ သတင်းတုဖန်တီးသူတွေဟာ အချိန်၊ ရက်စွဲ၊ နေရာတွေကို သူတို့လိုသလိုပြုပြင်ပြီး သတင်းတုဖန်တီးလေ့ရှိပါတယ်။ ဒါ့ကြောင့် သတင်းဖတ်ရှုတဲ့အခါ အထက်က အချက်များကို သတိထားဖို့လိုအပ်ပါတယ်။ သတင်းတုတွေ့ခဲ့ရင်လဲ တွေးပြီးမှယုံ ရဲ့ Chat box သို့ လာရောက်မေးမြန်းနိုင်ပါတယ်။