ဇွန် ၂၃ရက်နေ့ (ဒီနေ့)မှာပဲ ငှက်ဖျားပိုးကြောင့် အဆိုတော် ရေမွန် ဆုံးပါးသွားတဲ့သတင်းတွေကို လွတ်လပ်တဲ့မီဒီယာတွေကနေ မျှဝေထားခဲ့ပါတယ်။ ဒီသတင်းတွေနဲ့ မရှေးမနှောင်းမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) နာမည်နဲ့ ကြေညာချက်တစောင် ထွက်ပေါ်လာပါတယ်။ ကြေညာချက်ထဲမှာဆိုရင် အဆိုတော် ရေမွန်က ငှက်ဖျားကြောင့် သေဆုံးတာမဟုတ်ဘဲ တောထဲရောက်ပြီး မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုကြောင့် သေဆုံးတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီကြေညာချက်နဲ့ပတ်သက်ပြီး တွေးပြီးမှယုံက စစ်ဆေးခဲ့ရာမှာတော့ People Defense Force- Mandalay ရဲ့ page မှာလည်း ဒီကြေငြာချက်မှာ လုပ်ကြံထားတဲ့အတုသာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
အဆိုတော်ရေမွန်နဲ့ အတူ လွတ်မြောက်နယ်မြေမှာ ခိုလှုံခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်သူ နိုဗန်ထူး နဲ့ လွတ်လပ်တဲ့မီဒီယာ တစ်ခုဖြစ်တဲ့ Dellta News Agency တို့ရဲ့ ဆက်သွယ်မေးမြန်းချက်မှာလည်း ဒီကောလဟလတွေဟာ မမှန်ကန်ပါဘူး လို့ဖြေကြားထားပါတယ်။ ဒီမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
လွတ်လပ်တဲ့မီဒီယာတွေကလဲ အဆိုတော်ရေမွန်သေဆုံးမှုဟာ ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်လို့ သေဆုံးရခြင်းသာဖြစ်ကြောင်းရေးသားထားပါတယ်။ ဒီလို ပြည်သူတွေကြား အထင်အမြင်လွဲအောင် ဝါဒဖြန့်ပြီး မဟုတ်မမှန်တဲ့ ကြေညာချက်တွေကို သတိပြုဖို့လိုပါတယ်။ ကြေညာချက်တွေထွက်လာခဲ့ရင်လည်း အဲ့ကြေညာချက်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ page မှာ ကြေညာချက်အစစ် ဟုတ်မဟုတ် သွားရောက်မေးမြန်းလို့ရပါတယ်။ စစ်ဆေးဖို့အခက်အခဲရှိရင်လည်း တွေးပြီးမှယုံရဲ့ chat box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။