CRPH နဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ပူးပေါင်းစီစဥ်တဲ့ 5 Million Challenge ပြည့်လို့ ပိတ်သွားပြီဆိုတဲ့ သတင်းတစ်ခု ပြန့်လာနေပါတယ်။
ဒီသတင်းကိုတော့ Nay Myo Bala နာမည်နဲ့ Facebook အကောင့်တခုကနေ ဩဂုတ်၊ ၂၃ ရက်နေ့မှာ စပြီးဖြန့်ဝေထားခဲ့ပြီး ပြန်လည်မျှဝေသူပေါင်း ၁၇၀၀ ကျော်ရှိနေပါတယ်။
သတင်းထဲမှာဆိုရင် “5 Millions ပြည့်သွားပြီ၊ ပြင်သစ် လက်နက်ဝယ်ပါပြီ၊ ငွေလည်း ပြည့်လို့ အလှူခံလည်း ပိတ်သွားပါပြီ” ဆိုသလိုရေးထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ အချက်အလက်စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားတစ်ခုသာဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
CRPH နဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဥ်တဲ့ TICKET ရောင်းဖို့ တရားဝင်ဖွင့်လှစ်ထားတဲ့ CRPH – OFP Fundraising Program ပေ့ချ်ကနေ ပြည့်သွားလို့ အလှူခံပိတ်သွားကြောင်း အများပြည်သူကို အသိပေးထားတာ မတွေ့ခဲ့ရပါဘူး။
ဒါအပြင် သတင်းတု ပြန့်နှံ့အပြီး ၄ နာရီအကြာထိအောင် CRPH – OFP Fundraising Program ပေ့ချ်ကနေ ထပ်မံဝယ်ယူကြဖို့ တိုက်တွန်းတဲ့ ပို့စ်ကို တင်ဆက်နေတုန်းပဲ ရှိနေပါသေးတယ်။နောက်ဆုံး ပိုစ့်ကို ဒီလင့်ခ် မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်
ဒီလို သတင်းတွေ တွေ့ရင် သက်ဆိုင်ရာ Facebook Page တွေနဲ့ တိုက်ကြည့်၊ စစ်ဆေးကြည့်တာတွေ လုပ်ကြဖို့ လိုအပ်ပါတယ်။ စစ်ဆေးဖို့ တစုံတရာအခက်အခဲ ရှိလာရင်ဖြစ်ဖြစ်၊ သတင်းတု တွေ့လို့ လာရောက်အကြောင်းကြားတာဖြစ်ဖြစ် တွေးပြီးမှယုံပေ့ချ် ရဲ့ Chat Box မှာ လာရောက် အကြောင်းကြား၊ စစ်ဆေးနိုင်ပါတယ်နော်။